ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ခံစားခဲ့ရသော ဂျူဗင်တပ်စ်တိုက်စစ်မှူး ဒီဘားလားက ဗိုင်းရပ်စ်ကူးစက်ခံရပါက အစပိုင်းတွင် ကြောက်ရွံ့နေမည်ဖြစ်သော်လည်း နောက်ပိုင်း အဆင်ပြေသွားလိမ့်မည်ဟု အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ် (AFA) ဝက်ဘ်ဆိုက်သို့ ဖွင့်ဟခဲ့သည်။
ဒီဘားလားသည် ရူဂါနီ၊ မာတွီဒီတို့ပြီးနောက် ဗိုင်းရပ်စ်ကူးစက်ခံရသည့် တတိယမြောက် ဂျူဗင်တပ်စ်ကစားသမားဖြစ်ပြီး ၎င်းင်း၏အတူနေချစ်သူမှာလည်း ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသည်။

ဒီဘားလားသည် ချစ်သူ ဆာဘာတီနီနှင့်အတူ Self-isolating လမ်းညွှန်ချက်အတိုင်း နေထိုင်ကာ ရောဂါကုသမှု ခံယူခဲ့သည်။
ဒီဘားလားက ဂျူဗင်တပ်စ်အသင်း၏ Twitter မှတစ်ဆင့် မိမိအနေဖြင့် ပြင်းထန်သည့် ရောဂါလက္ခဏာ များခံစားခဲ့ရသော်လည်း နေပြန်ကောင်းလာပြီဖြစ်ကြောင်း ပြီးခဲ့သည့်သောကြာနေ့က ပြောကြားခဲ့သည်။
အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင်မူ ဒီဘားလားက မိမိအနေဖြင့် ပိုမိုသက်သာလာပြီ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဒီဘားလားက "ကျွန်တော် ဆိုးဆိုးရွားရွား ချောင်းဆိုးပါတယ်။ မောပန်းပြီး အိပ်ရာဝင်တဲ့အခါ ချမ်းနေပါတယ်။ ပထမတုန်းက ကျွန်တော် ဒါကြီးဖြစ်လာမယ်လို့ မတွေးဖူးဘူး။ ဒါပေမဲ့ ကျွန်တော့် အသင်းဖော်(၂)ယောက်ကို ကူးတယ်။ နောက်ဆုံး ကျွန်တော့်ကို ကူးပါတယ်။ ကျွန်တော်တို့ ခေါင်းတွေလည်း အရမ်းကိုက်ပါတယ်။ အသင်းက ဗီတာမင်တွေ ဖြည့်ပေးပြီး အဲဒီနောက် ကျွန်တော်တို့ ပိုနေလို့ကောင်းသွားတယ်"ဟု ဖွင့်ဟခဲ့သည်။
ထို့ပြင် ဒီဘားလားက "ဒါက စိတ်ပိုင်း ဆိုင်ရာနဲ့ ဆိုင်ပါတယ်။ အစပိုင်းမှာတော့ ကြောက်နေလိမ့်မယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ အလိုလိုအဆင်ပြေသွားပါတယ်။ အစကတည်းက ဘာလက္ခဏာမှ ပြတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော် မောမောနေလို့ စစ်ကြည့်တော့မှ Positive ဖြစ်နေမှန်း သိရတာပါ။ နေ့တိုင်း လူတွေ အများကြီး သေနေကြပြီး အခြေအနေက ဆိုးပါတယ်။ ဒါက မုသားတစ်ခုမဟုတ်ပါဘူး။ အားလုံးဂရုစိုက်ဖို့ လိုပါတယ်။ အိမ်မှာပဲ နေကြပါ" ဟု အကြုံပြုခဲ့သည်။

ဂျူဗင်တပ်စ်နည်းပြ ဆာရီနှင့် အသင်းသားများ ဇွန်လအထိ လစာမယူခဲ့ခြင်းနှင့် ပတ်သက်၍ ဒီဘားလားက "ချီလီနီက ဦးဆောင်တာပါ။ အဲဒီအကြောင်းပြောတော့ ကျွန်တော်တို့အထဲ အမြင်အမျိုးမျိုး ရှိခဲ့ကြတယ်။ ဒါပေမဲ့ ဒါက အကောင်းဆုံးနည်းလမ်းပါပဲ" ဟု သုံးသပ်ခဲ့သည်။










