ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီအနေဖြင့် လစာငွေလျှော့ချမည့်အစီအစဉ်ကို မည်သည့်အခါမျှ ငြင်းဆိုခဲ့ခြင်းမရှိကြောင်း ဘာစီလိုနာအသင်း ဥက္ကဋ္ဌ ဘာတိုမူက အတည်ပြုပြောကြားခဲ့သည်။
မတ်လ (၃၀) ရက်က မက်ဆီသည် Instagram တွင် ဘာစီလိုနာကစားသမားများမှ COVID-19 ကပ်ရောဂါကြောင့် လစာငွေ (၇၀) ရာခိုင်နှုန်းအထိလျှော့ယူရန် သဘောတူသည်ဟု တရားဝင်ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ယင်းမတိုင်မီ ဘာစီလိုနာအသင်းစီနီယာကစားသမားများနှင့် ကလပ်အသင်းဒါရိုက်တာများအကြား လစာငွေလျှော့ချမည့်အစီအစဉ်အတွက် သဘောတူညီမှုမရရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
သို့သော် ဘာတိုမူက မက်ဆီမှာ အသင်း၏လစာငွေလျှော့ချမည့်ဆုံးဖြတ်ချက်ကို လုံးဝဆန့်ကျင်ခဲ့ခြင်းမရှိဟု စပိန်အားကစားမီဒီယာ Sport သို့ ပြောကြားခဲ့သည်။
''တစ်နေ့မှာ မက်ဆီက ကျွန်တော့်ကို လစာငွေလျှော့ချတာတွေ ပြုလုပ်သင့်တယ်လို့ ပြောခဲ့ပါတယ်။ ဒီအဆိုပြုချက်တွေဟာ အသင်းခေါင်းဆောင်တွေထံကနေ လာတာပါ။ ဒါဟာ သူတို့ရဲ့အသင်းအပေါ်မှာထားရှိတဲ့ ကတိသစ္စာကို ပြသရာလည်း ရောက်ပါတယ်''ဟု ဘာတိုမူက ပြောကြားခဲ့သည်။
ကောလာဟလထွက်ပေါ်မှုနှင့်ပတ်သက်ပြီး ဥက္ကဋ္ဌ ဘာတိုမူက ''အချက်အလက်အားလုံးမသိတဲ့ ကလပ်အသင်းအတွင်းနဲ့အပြင်က လူတွေရဲ့စကားတွေဟာ ကစားသမားတွေကို စိတ်ပျက်စရာဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒီဆွေးနွေးမှုကို ကျွန်တော်နဲ့ အော်စကာဂါရူ (ဘာစီလိုနာအသင်း အမှုဆောင်ချုပ်)တို့နှစ်ဦးပဲ လုပ်ဆောင်တာပါ။ ကျွန်တော်တို့လည်း ဘာအကြောင်းအရာမှ မပြောခဲ့ပါဘူး''ဟု ပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းကစားသမားများသည် ကလပ်အသင်းမှဝန်ထမ်းများကို လစာငွေအပြည့်ပေးချေစေရန်အတွက် ၎င်းတို့ရရှိ နေသည့် လစာငွေ၏ ၇၀% ရာခိုင်နှုန်းကို လျှော့ချသွားရန် သဘောတူခဲ့ခြင်းဖြစ်သည်။
မက်ဆီ၏ထုတ်ပြန်ချက်ပေါ်ထွက်လာပြီး မရှေးမနှောင်းမှာပင် ဘာစီလိုနာအသင်းက ယင်းလစာငွေလျှော့ချမည့်အစီအစဉ်ကို အတည်ပြုကြေညာခဲ့သည်။
မက်ဆီက ကြေညာချက်နှောင့်နှေးနေမှုအတွက် ဘာစီလိုနာအသင်း၏အုပ်ချုပ်ရေးပိုင်းကိုလည်း ဝေဖန်ပြစ်တင်မှုများ ပြုလုပ်ခဲ့သည်။
ယင်းသို့ လျှော့ချခဲ့သဖြင့် တစ်ပတ် ပေါင် ၅၀၀၀၀၀ ရ မက်ဆီမှာ ပေါင် ၁၅၀၀၀၀၊ ပေါင် ၂၉၄၀၀၀ ရ ဂရီးဇ်မန်းမှာ ပေါင် ၈၈၂၀၀၊ ပေါင် ၂၉၀၀၀၀ ရ ဆွာရက်ဇ်မှာ ပေါင် ၈၇၀၀၀ ၊ ပေါင် ၂၆၀၀၀၀ ရ ဘူးစကွက်စ်မှာ ပေါင် ၇၈၀၀၀၊ ပေါင် ၂၂၀၀၀၀ ရ ပီကေးမှာ ပေါင် ၆၆၀၀၀၊ ပေါင် ၂၁၇၀၀၀ ရရှိနေသည့် ရာကီတစ်မှာ ပေါင် ၆၅၀၀၀ အထိ လျော့ကျသွားမည်ဖြစ်ကြောင်း သိရသည်။










