ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် သတ်မှတ်လိုက်သည့် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် မတ်နှင့် ဧပြီလအတွင်း ကစားမည့် နိုင်ငံတကာပွဲစဉ်အားလုံး ဖျက်သိမ်းသင့်ကြောင်းနှင့် ကလပ်အသင်းများ အနေဖြင့် ကစားသမားစေလွှတ်ရန် ငြင်းဆန်ခွင့်ရှိကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က မတ် (၁၃) ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
FIFA ၏ ဘောလုံးပြက္ခဒိန်အရ မတ်လ နောက်ဆုံးပတ်မှာ ယခုနှစ်အတွက် နိုင်ငံတကာပွဲစဉ်များ ပထမဆုံးကစားရမည့်ကာလ ဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တောင်အမေရိကဇုန်နှင့် အာရှဇုန်ခြေစစ်ပွဲ များ၊ ယူရို-၂၀၂၀ ပြိုင်ပွဲဝင်ခွင့် လက်ကျန် (၄)နေရာအတွက် Play-Offs ဆီမီးဖိုင်နယ် နှင့် ဗိုလ်လုပွဲများ၊ ၂၀၂၁ အာဖရိကနိုင်ငံများ ဖလားခြေစစ်ပွဲနှင့် နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန် စီစဉ်ထားသည်။
ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ပွဲအများစုရွှေ့ဆိုင်းသွား ပြီဖြစ်သော်လည်း ယူရို-၂၀၂၀ Play-Offs အပါအဝင် ခြေစမ်းပွဲအချို့ကို ပရိသတ်မပါဘဲ ကွင်းပိတ်ကစားရန် အစီအစဉ်ရှိသောကြောင့် FIFA က ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

'' ကိုရိုနာဗိုင်းရပ်စ်အခြေအနေအရ ကလပ်အသင်းများအနေဖြင့် နိုင်ငံလက်ရွေးစင်အသင်းအတွက် ကစားသမားစေလွှတ်ပေးရသည့်စည်းမျဉ်းကို မတ်/ဧပြီ နိုင်ငံတကာ ကာလတွင် လိုက်နာရန် မလိုအပ်ကြောင်း အသိပေးအပ်ပါသည်။ လက်ရှိအခြေအနေတွင် ဗိုင်းရပ်စ်ပျံ့နှံ့မှုမှာ ကမ္ဘာတစ်ဝန်း လျင်မြန်စွာပြန့်ပွားလျက်ရှိသောကြောင့် အာဏာပိုင်အသီးသီးက အပြည်ပြည်ဆိုင်ရာ ခရီးသွားလာခွင့်ကို ကန့်သတ်ထားသဖြင့် ယခုကဲ့သို့ ဆုံးဖြတ်ခြင်းဖြစ်သည်။ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အာရှနှင့် တောင်အမေရိကဇုန် ခြေစစ်ပွဲများကိုလည်း FIFA နှင့် ဇုန်အလိုက်အဖွဲ့ချုပ်များ ဆွေးနွေးညှိနှိုင်းပြီးနောက် ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။ FIFA အနေဖြင့် ရွှေ့ဆိုင်းထားသည့်ပွဲစဉ်များ ပြန်လည်ကျင်းပမည့်ကာလကို ဇုန်အလိုက်အဖွဲ့ချုပ်များ၊ တာဝန်ရှိသူများနှင့် လေ့လာသုံးသပ်၍ ဆုံးဖြတ်သွားမည်ဖြစ်သည်" ဟု FIFA ၏ ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) သည် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ မတ် (၁၇) ရက်တွင် ဗီဒီယိုဖြင့် အစည်းအဝေးပြုလုပ် မည်ဖြစ်ပြီး ယူရို-၂၀၂၀ ပြိုင်ပွဲ၊ ချန်ပီယံလိဂ် နှင့် ယူရိုပါလိဂ်ပြိုင်ပွဲ ကျင်းပမည့်အခြေအနေအပါအဝင် ယူရိုခြေစစ်ပွဲ Play-Offs ပွဲစဉ် များအတွက်ပါ ဆုံးဖြတ်ချက်ချဖွယ်ရှိကြောင်း သိရသည်။ ယူရိုခြေစစ်ပွဲ Play-Offs ဆီမီး ဖိုင်နယ် Path (A) တွင် ဘူလ်ဂေးရီးယား-ဟန်ဂေရီ၊ အိုက်စလန်-ရိုမေးနီးယား၊ Path (B) တွင် ဘော့စနီးယား-မြောက်အိုင်ယာလန်၊ ဆလိုဗက်ကီးယား-အိုင်ယာလန်၊ Path (C) တွင် နော်ဝေ-ဆားဘီးယား၊ စကော့တလန်-အစ္စရေး၊ Path (D) တွင် ဂျော်ဂျီယာ-ဘယ်လာရုစ်၊ မက်ဆီဒိုးနီးယား-ကိုဆိုဗိုတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။










