မန်ယူအသင်းသို့ပြောင်းရွှေ့ရန် (၂)ခါမစဉ်းစားခဲ့ရကြောင်း ဘရူနိုဖာနန်ဒက်စ်ဖွင့်ဟ

မန်ယူအသင်းသို့ပြောင်းရွှေ့ရန် (၂)ခါမစဉ်းစားခဲ့ရကြောင်း ဘရူနိုဖာနန်ဒက်စ်ဖွင့်ဟ
Photos: AFP
Photos: AFP
Published 14 March 2020

မန်ယူအသင်း၏ ပေါ်တူဂီကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က မိမိအနေဖြင့် မန်ယူအသင်းသို့ပြောင်းရွှေ့ရန်အလွယ်တကူ ဆုံးဖြတ်ချက်ချနိုင်ခဲ့ပြီး (၂)ခါမစဉ်းစားခဲ့ရကြောင်း Sky Sports သို့ပြောကြားခဲ့သည်။

အသက် (၂၅)နှစ်အရွယ်ရှိ ဘရူနိုဖာနန်ဒက်စ်သည် ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့က စပို့တင်းလစ္စဘွန်းအသင်းမှ မန်ယူအသင်းသို့ ပေါင် (၄၇)သန်းဖြင့်ပြောင်းရွှေ့လာသူဖြစ်ပြီး အသင်းသစ်တွင် အကောင်းဆုံးခြေစွမ်းပြနေသူဖြစ်သည်။

မန်ယူအသင်းသို့ပြောင်းရွှေ့ခြင်းနှင့်ပတ်သက်ပြီး ဘရူနိုဖာနန်ဒက်စ်က '' ဒီအသင်းကို ပြောင်းရွှေ့ဖို့ ကျွန်တော့်အတွက်လွယ်လွယ်ကူကူပဲဆုံးဖြတ်ချက်ချနိုင်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ ကျွန်တော့်အတွက် အကောင်းဆုံးအခွင့်အရေးမို့ပါပဲ။ မန်ယူအသင်းကိုပြောင်းရွှေ့ဖို့ ကျွန်တော် (၂)ခါမစဉ်းစားခဲ့ရပါဘူး" ဟုပြောကြားခဲ့သည်။

ဘရူနိုဖာနန်ဒက်စ်သည် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ (၉)ပွဲကစားပေးထားရာတွင် (၃)ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု (၃)ကြိမ်ပြုလုပ်ပေးထားသလို၊ အသင်းဖော်များအတွက်လည်း အကောင်းဆုံးအကျိုးပြုနိုင်ခဲ့သည်။

မန်ယူအသင်းနှင့်အတူဖြတ်သန်းခဲ့ရသည့် အချိန် (၁)လကျော်နှင့်ပတ်သက်ပြီး ဖာနန်ဒက်စ်က ''အသင်းသစ်နဲ့ပတ်သက်ပြီး ကျွန်တော်ထင်တာကတော့ ကျွန်တော်တို့အားလုံးဟာ နိုင်ပွဲဆာလောင်သူတွေဖြစ်ပါတယ်။ ပွဲစဉ်တိုင်းပွဲစဉ်တိုင်းမှာလည်း အကောင်းဆုံးအရာတွေကို ပေးဆပ်ဖို့ ဆန္ဒရှိကြသူတွေပါ။ ပြီးခဲ့တဲ့တစ်လအတွင်းမှာ ကျွန်တော်တို့အသင်းအနေနဲ့ ကောင်းမွန်တဲ့ပွဲစဉ်တွေကို ကစားခဲ့ရပါတယ်။ ပထမဆုံးပွဲစဉ်ကစားကတည်းက အသင်းပရိသတ်တွေရဲ့အားပေးပုံကလည်း တကယ်ကိုအံ့မခန်းပါပဲ။ သူတို့ (ပရိသတ်များ)ဟာ ကျွန်တော့်ကိုအကောင်းဆုံးတွန်းအားပေးသူတွေပါ" ဟုပြောကြားခဲ့သည်။

ဘရူနိုဖာနန်ဒက်စ်သည် မန်ယူအသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သည့်အတွက် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွက်ချီးမြှင့်သည့် PFA Fans' Premier League Player of the Month ဆုကို ရရှိခဲ့သူဖြစ်သည်။

 

Most Read

Most Recent