ဥရောပတွင် Covid-19 ကူးစက်ခံရမှု အမြင့်ဆုံးဖြစ်နေပြီး စိုးရိမ်စရာအခြေအနေနှင့် ရင်ဆိုင်နေရသည့် အီတလီအစိုးရတာဝန်ရှိသူများက ပေါ်တူဂီနိုင်ငံမှ အီတလီနိုင်ငံသို့ ပြန်လာမည့် စီရော်နယ်လ်ဒိုအား ပြည်ဝင်ခွင့်မပေးဘဲ ပိတ်ပင်ခဲ့ကြောင်း သိရှိရသည်။
စီရော်နယ်လ်ဒိုသည် ဂျူဗင်တပ်စ်အသင်းက အင်တာမီလန်အသင်းကို (၂-ဝ)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲအပြီးတွင် အီတလီမြောက်ပိုင်းတွင် လက်ရှိနေထိုင်နေသည့် အိမ်သို့ပြန်မည့်အစား လေဖြတ်နေသည့် မိခင်ဖြစ်သူရှိရာ ပေါ်တူဂီနိုင်ငံသို့ ပြန်သွားခဲ့ခြင်းဖြစ်သည်။
သူသည် ပေါ်တူဂီတွင် မိသားစုနှင့် အတူနေထိုင်ခဲ့ပြီးနောက် လာမည့်တစ်ပတ်တွင် လိုင်ယွန်အသင်းနှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန် အီတလီသို့ ပြန်လာရန် စီစဉ်ခဲ့သည်။

အီတလီအစိုးရသည် နိုင်ငံအတွင်း ရောဂါပိုးပျံ့နှံ့မှု မြင့်တက်နေသည့်အတွက် တစ်နိုင်ငံလုံး Lock Down လုပ်ခဲ့ပြီး ပြည်တွင်းသို့ ဝင်ခွင့်၊ ထွက်ခွင့်မပေးဘဲ ပိတ်ဆို့ထားခဲ့သော်လည်း စီရော်နယ်လ်ဒိုက သီးသန့်လေယာဉ်ဖြင့် ပြန်လာရန် ခွင့်တောင်းခဲ့ခြင်းကို ခွင့်ပြုခဲ့သည်။
သို့ရာတွင် ဗုဒ္ဓဟူးနေ့တွင် ဂျူဗင်တပ်စ်အသင်း၏ နောက်ခံလူ ရူဂါနီထံတွင် Covid-19 ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း အတည်ပြုကြေညာခဲ့ပြီးနောက် အီတတီအစိုးရက စီရော်နယ်လ်ဒိုကို ပြည်ဝင်ခွင့်မပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး၊ စီရော်နယ်လ်ဒိုကိုယ်တိုင်ကလည်း အီတလီတွင် ရောဂါပြန့်ပွားမှုဆိုးရွားနေခြင်းကို ကာကွယ်သည့်အနေဖြင့် ပေါ်တူဂီတွင်သာ ဆက်လက်နေထိုင်သွားမည်ဟု ဂျူဗင်တပ်စ်အသင်းထံ အကြောင်းကြားခဲ့သည်။
ယင်းအတွက်ကြောင့် သူသည် ပေါ်တူဂီနိုင်ငံတွင်သာ ဆက်ရှိနေတော့မည်ဖြစ်ပြီး မည်သည့်အချိန်အထိ ကြာမြင့်မည်ဆိုခြင်းကိုမူ မသိရှိရသေးချေ။

ဂျူဗင်တပ်စ်အသင်း၏ နောက်ခံလူ ရူဂါနီသည် အင်တာမီလန်အသင်းကို အနိုင်ရရှိခဲ့သည့် ပွဲတွင် အရန်ခုံတွင်သာ ထိုင်ခဲ့ရသော်လည်း ပွဲအပြီး အဝတ်လဲခန်းအတွင်း အောင်ပွဲခံခဲ့ရာတွင် ပါဝင်ခဲ့ပြီး အသင်းဖော်အားလုံးလိုလိုနှင့် ထိတွေ့မှုရှိခဲ့ကြောင်း သိရှိရသည်။
ယင်းအတွက်ကြောင့် ဂျူဗင်တပ်စ်အသင်းသည် လက်ရှိထုတ်ပြန်ထားသည့် စည်းမျဉ်းများအတိုင်း သီးခြားနေထိုင်မှု လုပ်ငန်းစဉ်များကို ဆောင်ရွက်နေပြီဖြစ်ပြီး ရူဂါနီသာမက အခြား ဂျူဗင်တပ်စ်ကစားသမားများကိုပါ နေအိမ်မှ လုံးဝထွက်ခွင့်မပေးဘဲ အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း သိရှိရသည်။
အလားတူပင် ယင်းအဝတ်လဲခန်းအတွင်း အတူရှိနေခဲ့သည့် စီရော်နယ်လ်ဒိုကိုလည်း ပေါ်တူဂီအစိုးရက သီးခြားနေထိုင်မှုပြုလုပ်ရန် ညွှန်ကြားထားကြောင်းသိရှိရသည်။
အီတလီနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အားကစားပွဲအားလုံးကို ဧပြီလ (၃)ရက်နေ့အထိ ဖျက်သိမ်းရန် စီစဉ်ထားပြီး လေ့ကျင့်ခန်းအစီအစဉ်အားလုံးကိုပါ ဖျက်သိမ်းထားသည်။
သို့သော် ဂျူဗင်တပ်စ်အသင်းမှာမူ ချန်ပီယံလိဂ်ပွဲအတွက် လေ့ကျင့်မှုများဆက်လက်ပြုလုပ်ခဲ့ပြီး ယခုအချိန်တွင်မူ ရူဂါနီထံတွင် ကူးစက်ခံရသဖြင့် လိုင်ယွန်နှင့်ပွဲကိုပါ UEFA က ရွှေ့ဆိုင်းခဲ့ကြောင်းလည်း သိရှိရသည်။

Covid-19 ကူးစက်ခံခဲ့ရသူ ရူဂါနီက "ကျွန်တော့်ရဲ့သတင်းကို အားလုံးသိပြီး လောက်ပါပြီ။ ဒါကြောင့် ကျွန်တော်နဲ့ပတ်သက်ပြီး စိတ်ပူနေကြသူတွေအားလုံး စိတ်မပူကြဖို့ ကျွန်တော်အသိပေးလိုပါတယ်။ ကျွန်တော်အဆင်ပြေပါတယ်။ ရောဂါကာကွယ်ရေးအတွက် ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအားလုံးကို လိုက်နာကြဖို့ အားလုံးကို တိုက်တွန်းလိုပြီး၊ ဘာကြောင့်လဲဆိုတော့ ဒီဗိုင်းရပ်စ်က ဘာမှထူးခြားမှုမရှိလို့ပါ။ ကျွန်တော်တို့ ကိုယ်တိုင်အတွက်၊ ကျွန်တော်တို့ ချစ်တဲ့သူတွေအတွက်၊ ကျွန်တော်တို့ ပတ်ဝန်းကျင်ကလူတွေအတွက်ပါ"ဟု Twitter တွင်ရေးသားခဲ့သည်။
အီတလီနိုင်ငံသည် ဥရောပတွင် ရောဂါကူးစက်မှုအဆိုးဆုံးဖြစ် နေပြီး လူ (၈၀၀)ကျော်သေဆုံးခဲ့ပြီးဖြစ်သည်။










