လာလီဂါလိဂ်အဖွဲ့ချုပ်သည် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုအန္တရာယ်ကြောင့် ရှေ့လာမည့် လာလီဂါပွဲစဉ် (၂၈)နှင့် (၂၉)တို့ကို ရွှေ့ဆိုင်းရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
ရီးယဲလ်မက်ဒရစ်ဘက်စကတ်ဘောအသင်း၏ ကစားသမားတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ရပြီးနောက် ရီးယဲလ်မက်ဒရစ်လေ့ကျင့်ရေးကွင်းကို အသုံးပြုသည့် အားကစားသမားအားလုံးကို သီးသန့်ခွဲခြားစောင့်ကြည့်ရန် ကလပ်အသင်းက ကြေညာခဲ့သည်။
ရီးယဲလ်မက်ဒရစ်၏ ကြေညာမှုအပြီး လာလီဂါအဖွဲ့ချုပ်က ယင်းဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။

လာလီဂါအဖွဲ့ချုပ်၏ ထုတ်ပြန်မှုတွင် "ရီးယဲလ်မက်ဒရစ်အသင်းက အားကစားသမားတွေကို သီးသန့်စောင့်ကြည့်မယ့်အစီအစဉ်နဲ့ အခြားကလပ်အသင်းတွေမှာလည်း ကူးစက်ခံရနိုင်တဲ့အလားအလာတွေရှိနေတာ ကြောင့် အမိန့်ကြော်ငြာစာအမှတ် ၆၆၄၁၉၉၇ အရ နှစ်ပတ်တာ ရပ်ဆိုင်းဖို့ ဆုံးဖြတ်တာဖြစ်ပါတယ်" ဟု ပါရှိခဲ့သည်။

မူလ (၃)ပွင့်ဆိုင်ဆွေးနွေးမှုတွင် စပိန်ဘောလုံးအဖွဲ့ချုပ်နှင့် စပိန်ကစားသမားများအဖွဲ့အစည်းတို့က လုံးဝရပ်ဆိုင်းရန် ဆန္ဒရှိပြီး လာလီဂါလိဂ်အဖွဲ့ချုပ်ကမူ ပရိသတ်မပါဘဲ ကွင်းပိတ်ကစားရန်သာ ဆုံးဖြတ်ခဲ့သည်။
သို့ရာတွင် ရီးယဲလ်ဘက်စကတ်ဘောသမား ကူးစက်ခံထားရပြီးနောက် လိဂ်အဖွဲ့ချုပ်ကပါ ယာယီရပ်ဆိုင်းရန်အတွက် ဆုံးဖြတ်ခဲ့သည်။
စပိန်ကျန်းမာရေးဝန်ကြီးဋ္ဌာန၊ စပိန်နိုင်ငံအားကစားကောင်စီတို့ကလည်း ပွဲစဉ်အားလုံးကို အချိန်အတိုင်းအတာတစ်ခုအထိ ရပ်ဆိုင်းရန် ဖိအားပေးခဲ့ကြသည်။










