ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ဥရောပဘောလုံးပြိုင်ပွဲများအား ရွှေ့ဆိုင်းရန် သက်ဆိုင်ရာဘောလုံးအဖွဲ့ချုပ်များကို FIFPro တောင်းဆို

ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ဥရောပဘောလုံးပြိုင်ပွဲများအား ရွှေ့ဆိုင်းရန် သက်ဆိုင်ရာဘောလုံးအဖွဲ့ချုပ်များကို FIFPro တောင်းဆို
Photo: Getty Images
Photo: Getty Images
Published 12 March 2020

ပရော်ဖက်ရှင်နယ်ဘောလုံးသမားများ အဖွဲ့အစည်း (FIFPro) က ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ဥရောပရှိ ဘောလုံးပြိုင်ပွဲများအား ရွှေ့ဆိုင်းပေးရန် သက်ဆိုင်ရာဘောလုံးအဖွဲ့ချုပ်များကို တောင်းဆိုခဲ့ကြောင်း သိရသည်။

ဥရောပတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ဘောလုံးပြိုင်ပွဲများကို ရွှေ့ဆိုင်းခြင်း၊ ကွင်းပိတ်ကစားခြင်းရှိနေသော်လည်း FIFPro က ယင်းကဲ့သို့ ပြုလုပ်ရုံဖြင့် မလုံလောက်ကြောင်းနှင့် ကစားသမားများ၏ ကျန်းမာရေးနှင့် ကလပ်အသင်းငယ်များ၏ အကျိုးစီးပွားကို ထောက်ထားသောအားဖြင့် ပြိုင်ပွဲများအားလုံးကို ရွှေ့ဆိုင်းပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

FIFPro ၏ ထုတ်ပြန်ချက်တွင် "တစ်နိုင်ငံမှ နိုင်ငံသို့ သွားရောက်ပြီး ကစားခြင်း၊ ကွင်းအတွင်း ပွဲကြည့်ပရိသတ်များနှင့် ဘောလုံးပွဲများ ကစားခြင်းက ပရိသတ်များကိုသာမက ကစားသမားများနှင့် တာဝန်ရှိသူများကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်စေနိုင်ကြောင်း၊ ထို့ကြောင့် ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဘောလုံးအဖွဲ့ချုပ်များအနေဖြင့် အစိုးရနှင့်တိုင်ပင်ကာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကိုကာကွယ်ရန် ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်သင့်ကြောင်း၊ ပရော်ဖက်ရှင်နယ်ဘောလုံးသမားများမှာ ခရီးသွားလာရခြင်း၊ လေ့ကျင့်မှုများနှင့် ပွဲကစားခြင်းများကြောင့် အခြားလူများထက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်ခြေပိုများကြောင်း၊ ထို့ကြောင့် ကစားသမား၏အကျိုးအတွက် ဘောလုံးပြိုင်ပွဲများကို ရွှေ့ဆိုင်းပေးရန် သက်ဆိုင်ရာဘောလုံးအဖွဲ့ချုပ်များကို တောင်းဆိုပါကြောင်း" ပါရှိသည်။

ထို့ပြင် FIFPro က ကွင်းပိတ်ကစားခြင်းမှာ အသင်းငယ်များ၏ ဘဏ္ဍာရေးကို ထိခိုက်နိုင်ပြီး ယင်းအတွက် တာဝန်ရှိသူများက စဉ်းစားပေးရန်လိုကြောင်းလည်း ဆိုခဲ့သည်။

 

Most Read

Most Recent