ယူရိုပါလိဂ် ရှုံးထွက်(၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်တွေကို မတ်လ(၁၂)ရက်မှာ ကစားသွားမှာဖြစ်ပြီး LASK-မန်ယူပွဲကလွဲလို့ ကျန်ပွဲတွေက ခြေစွမ်းသိပ်မကွာတဲ့အသင်းတွေ ထိပ်တိုက်တွေ့ဆုံနေကြလို့ အကြိတ်အနယ် ရှိနိုင်ပါတယ်။ အင်တာမီလန်-ဂီတာဖေး၊ ဆီဗီလာ-ရိုးမားပွဲတွေကိုတော့ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ရွှေ့ဆိုင်းထားပါတယ် . . .
ဘာရှက်ဆီဟီ နှင့် FC ကိုပင်ဟေဂင် (သောကြာနံနက် ဝဝး၂၅ နာရီ)
ရော်ဘင်ဟို၊ ကလစ်ချီ၊ စကာတယ်လ်၊ ဒမ်ဘာဘားတို့လို နာမည်ကျော်ကစားသမားတွေပါဝင်နေတဲ့ ဘာရှက်ဆီဟီအသင်းက ပြိုင်ပွဲစုံအိမ်ကွင်း(၅)ပွဲဆက် အနိုင်ကစားခဲ့ပြီး နောက်ဆုံးအိမ်ကွင်း(၁၈)ပွဲမှာလည်း ရိုးမားတစ်သင်းတည်းကိုပဲ အရေးနိမ့်ခဲ့ပါတယ်။ FC ကိုပင်ဟေဂင်အသင်း အသင်းလိုက်စုစည်းမှု ကောင်းပေမယ့် ဥရောပပွဲတွေမှာ အဝေးကွင်းမစွံပါဘူး။ ဘာရှက်ဆီဟီကိုပဲ ရွေးချင်တယ်။
ဖရန့်ဖတ် နှင့် ဘေဆယ် (သောကြာနံနက် ဝဝး၂၅ နာရီ)
ဘွန်ဒစ်လီဂါမှာ ဥရောပဝင်ခွင့်အတွက် မျှော်လင့်ချက်နည်းနေတဲ့အနေအထားက ဖရန့်ဖတ်အသင်းကို ယူရိုပါလိဂ်ပြိုင်ပွဲဘက် ပိုအာရုံရောက်စေနို်င်တယ်။ ဖရန့်ဖတ်တိုက်စစ်ပိုင်းမှာ အန်ဒရေဆေးလ်ဗား၊ ကာမာဒါတို့ ပုံမှန်ဂိုးသွင်းခြေမရှိပေမယ့် အားကိုးလို့ရတဲ့အနေအထားပါ။ ဘေဆယ်ကတော့ အနည်းငယ်အကျဘက်ရောက်နေပါတယ်။ ဖရန့်ဖတ် အနိုင်သေချာပါတယ်။
LASK နှင့် မန်ယူ (သောကြာနံနက် ၂း၃၀ နာရီ)
LASK ကတော့ စပို့တင်းလစ္စဘွန်း၊ PSV အသင်းတွေ ပါဝင်တဲ့အုပ်စုမှာ အုပ်စုပထမရခဲ့တဲ့အသင်းဖြစ်ပြီး သြစတြီးယားလိဂ်မှာလည်း ဆာလ်ဇ်ဘာ့ဂ်ကိုကျော်ကာ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ အသင်းလိုက်စုစည်းမှုကောင်းတဲ့ အသင်းတစ်သင်းဖြစ်ပေမယ့် ဥရောပထိပ်သီးအသင်းတစ်သင်းနဲ့ ရင်ဆိုင်ရချိန်မှာ Emotion များနေနိုင်မှုက ဒုက္ခပြန်ပေးသွားနိုင်တယ်။ မန်ယူကလည်း ပရီးမီးယားလိဂ်ပွဲကျပ်တွေအကြား ကစားရပေမယ့် အနိုင်ကစားဖို့များတယ်။
အိုလံပီယာကော့စ် နှင့် ဝုလ်ဗ် (သောကြာနံနက် ၂း၃၀ နာရီ)
အိုလံပီယာကော့စ်အနေနဲ့ အာဆင်နယ်ကို မဖြုတ်ချမီ ချန်ပီယံလိဂ်မှာတုန်းက စပါးအသင်းကို အိမ်ကွင်းမှာ သရေကစားခဲ့ပြီး အဝေးကွင်းမှာလည်း (၂)ဂိုးပြတ်ဦးဆောင်ထားပြီးမှ အရေးနိမ့်ခဲ့တာပါ။ ဝုလ်ဗ်က ပရီးမီးယားလိဂ်မှာလည်း အမှားမခံတဲ့ အခြေအနေရောက်နေလို့ အာရုံများနေနိုင်တာ သတိပြုရမယ်။ အာဆင်နယ်ကိုအနိုင်ကစားထားလို့ စိတ်ဓာတ်တက်နေနိုင်တဲ့ အိုလံပီယာကော့စ် မရှုံးနိုင်ဘူး။
ရိန်းဂျားစ် နှင့် လေဗာကူဆင် (သောကြာနံနက် ၂း၃၀ နာရီ)
လေဗာကူဆင်က ပြိုင်ပွဲစုံနောက်ဆုံး(၉)ပွဲမှာ ရှုံးပွဲမရှိခဲ့ဘဲ (၈)ပွဲအထိ အနိုင်ကစားထားကာ အမြင့်ဆုံးအဆင့်ကို ရောက်နေတယ်။ ပေါ်တိုလိုအသင်းကို နှစ်ကျော့စလုံး အနိုင်ကစားခဲ့တဲ့ ခြေစွမ်းကလည်း အထင်ကြီးစရာပါ။ ရိန်းဂျားစ်က ပြည်တွင်းပွဲတွေမှာ ဘာမျှော်လင့်ချက်မှမရှိတော့လို့ ယူရိုပါလိဂ်တစ်ခုတည်းကိုပဲ လုံးလုံးလျားလျား အာရုံစိုက်ခွင့်ရနေတယ်။ စကော့တလန်မြေမှာ ရိန်းဂျားစ် သရေတော့မျှော်လင့်နိုင်တယ်။
ဝုလ်ဖ်ဘတ် နှင့် ရှက်တာဒိုးနက် (သောကြာနံနက် ၂း၃၀ နာရီ)
ဝုလ်ဖ်ဘတ်အသင်း ပြိုင်ပွဲစုံ(၈)ပွဲဆက် ရှုံးပွဲမရှိကစားပြီး ရလဒ်ကောင်းရယူထားတယ်။ ဒါပေမဲ့ ယူရိုပါလိဂ်မှာ ဝုလ်ဖ်ဘတ်အသင်းရဲ့ရုန်းအားက အနည်းငယ်သံသယရှိစရာတော့ ကောင်းပါတယ်။ ရှက်တာဒိုးနက်ကတော့ ပြည်တွင်းရေးမငြိမ် မသက်မှုကြောင့် အဆင့်နည်းနည်းကျသွားပေမယ့် ကစားသမားကောင်းတွေ ရှိနေပြီး အဆိပ်တော့ရှိနေဆဲပါပဲ။ ဂျာမန်မြေဖြစ်ပေမယ့် ရှက်တာဒိုးနက်ကို ပိုကြိုက်တယ်။










