ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းမရှိစေရန်အတွက် နာပိုလီကစားသမားများ တားမြစ်ချက်များဖြင့် နေထိုင်နေရ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းမရှိစေရန်အတွက် နာပိုလီကစားသမားများ တားမြစ်ချက်များဖြင့် နေထိုင်နေရ
Published 12 March 2020

ဘာစီလိုနာအသင်းနှင့် ချန်ပီယံလိဂ်ကစားမည့် နာပိုလီအသင်းအနေဖြင့် အီတလီအစိုးရမှ ချမှတ်ထားသည့် တားမြစ်ချက်များနှင့်အညီ နေထိုင်နေရပြီး ယင်းတားမြစ်ချက်များကို La Gazetta dello Sport သတင်းစာက ဖော်ပြခဲ့ခြင်းဖြစ်သည်။

 

ဘာစီလိုနာအသင်းနှင့် ချန်ပီယံလိဂ်ပွဲစဉ် ကစားရမည့် နာပိုလီအသင်းကစားသမားများသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်း မရှိစေရန်အတွက် တားမြစ်ချက်များဖြင့် နေထိုင်နေရကြောင်း အီတလီအားကစားသတင်းစာ La Gazetta dello Sport က ဖော်ပြခဲ့သည်။ 

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် အီတလီနိုင်ငံတွင် အားကစားပြိုင်ပွဲများကို ဧပြီလ(၃)ရက်နေ့အထိ ရပ်နားထားသလို၊ အီတလီအစိုးရက လုံခြုံရေးအတွက် နိုင်ငံတွင်းမှ ထွက်ခွာခွင့်နှင့် နိုင်ငံအတွင်း ဝင်ရောက်မှုများကို ပိတ်ပင်ထားကြောင်း သိရသည်။ 

သို့သော် မတ်လ(၁၈)ရက်တွင် ဘာစီလိုနာအသင်းနှင့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ် ကစားရန်ရှိသည့် နာပိုလီအသင်းကိုမူ စပိန်နိုင်ငံသို့ သွားရောက်ခွင့်ပေးမည်ဖြစ်ကြောင်း  သိရသည်။ 

ဘာစီလိုနာအသင်းနှင့် ချန်ပီယံလိဂ်ကစားမည့် နာပိုလီအသင်းအနေဖြင့် အီတလီအစိုးရမှ ချမှတ်ထားသည့် တားမြစ်ချက်များနှင့်အညီ နေထိုင်နေရပြီး ယင်းတားမြစ်ချက်များကို La Gazetta dello Sport သတင်းစာက ဖော်ပြခဲ့ခြင်းဖြစ်သည်။

နာပိုလီအသင်း လိုက်နာရသည့် တားမြစ်ချက်များ

■ အိမ်မှ အပြင်မထွက်ရ 

အီတလီအစိုးရက ပြည်သူများကို အိမ်ပြင်မထွက်ရန် အကြံပြုထားပြီး၊ နာပိုလီကစားသမားများအနေဖြင့် အိမ်ပြင်ထွက်ခွင့်မရှိဘဲ လေ့ကျင့်ရေးပြုလုပ်ရန်အတွက်သာ အိမ်မှထွက်ခွာခွင့်ရှိသည်။

■ စားသောက်ဆိုင်များသို့ မသွားရ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်ရန်အတွက် နာပိုလီ ကစားသမားများကို စားသောက်ဆိုင်များသို့ သွားခွင့်ပိတ်ပင်ထားသည်။ 

■ (၂)နာရီထက် လေ့ကျင့်ခန်းပိုမလုပ်ရ

ဆေးပညာရှင်များက ဘောလုံးအသင်းများအနေဖြင့် လေ့ကျင့်ရေးအစီအစဉ်များကို (၂)နာရီထက်ပိုမလုပ်ရန် တားမြစ်ထားသည်။

■ ကစားသမားစုပြီး ရေချိုးခွင့်မရှိ

လေ့ကျင့်ရေးပြီးပါက ရေချိုးရာတွင် ကစားသမားအားလုံး အတူချိုးခွင့်မရှိဘဲ (၂)ဦး၊ (၃)ဦးသာ အတူချိုးခွင့်ရှိသည်။

■ ကစားသမားများ အတူစားသောက်ခွင့်မရှိ

လေ့ကျင့်ရေးအစီအစဉ်များပြီးဆုံးပါက ကစားသမားများ အတူစားသောက်လေ့ရှိသော်လည်း ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ယင်းသို့မပြုလုပ်ရန် တားမြစ်ထားသည်။

■ လေ့ကျင့်ရေးများကို အမြန်ဆုံးအဆုံးသတ်ရမည်

လေ့ကျင့်ရေးကွင်းကို ကာကွယ်ရန်အတွက် ကစားသမားအနေဖြင့် လေ့ကျင့်ခန်းများကို အမြန်ဆုံးအဆုံးသတ်ရမည်ဖြစ်သည်။

■ အစည်းအဝေးလုပ်ခွင့်မရှိ

အီတလီအစိုးရသည် လုပ်ငန်းများအတွက် လူအများစုဝေးကာ အစည်းအဝေးပြုလုပ်ခြင်းကို ပိတ်ပင်ထားပြီး အစည်းအဝေးများကို ဖုန်း၊ ဗီဒီယို Call များဖြင့်သာ ပြုလုပ်ခွင့်ပေးထားသည်။ နာပိုလီအသင်းအနေဖြင့်လည်း ယင်းအချက်ကို လိုက်နာရမည်ဖြစ်သည်။

 

Most Read

Most Recent