မြန်မာ့လက်ရွေးစင်အသင်း၏ ၂၀၂၂ ကမ္ဘာ့ဖလား အာရှဇုန်ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုလက်ကျန်ပွဲများကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေ့ဆိုင်းခဲ့ရာ ပြည်တွင်းလိဂ်ပြိုင်ပွဲဖြစ်သော ၂၀၂၀ ရာသီ MNL အမှတ်ပေး ပြိုင်ပွဲ ပထမအကျော့လက်ကျန်ပွဲစဉ်နှစ်ခုဖြစ်သည့် ပွဲစဉ် (၁၀)နှင့်(၁၁)ကို သင်္ကြန်မတိုင်မီ အပြီးကျင်းပမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနေရှင်နယ်လိဂ်ကော်မတီနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မတ်လတွင်ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း ပြင်ဆင်ချိန်ပိုမိုရရှိရန် ဖေဖော်ဝါရီက ကလပ်အသင်းများနှင့် ညှိနှိုင်းကာ ရက်ပြောင်းလဲခဲ့ပြီး ယခုအခါလက်ရွေးစင်အသင်း ခြေစစ်ပွဲများ ရွှေ့ဆိုင်းသွားသောကြောင့် သင်္ကြန်မတိုင်မီ အပြီးကျင်းပနိုင်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် မတ် (၁၀)ရက်က MNL ကလပ်အသင်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ပွဲစဉ်များကျင်းပမည့်ရက်ကို အတည်ပြုခဲ့ပြီး ပွဲစဉ် (၁၀)ကို မတ် ၂၈၊ ၂၉ ရက်၊ ပွဲစဉ် (၁၁)ကို ဧပြီ ၄၊ ၅ ရက်တွင် ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။
ပွဲစဉ် (၁၀)မှ ချင်းယူနိုက်တက်အသင်းနှင့် စစ်ကိုင်းအသင်းပွဲကို အိမ်ကွင်းပြောင်းလဲကာ စစ်ကိုင်းအသင်း၏ အိမ်ကွင်းအဖြစ် ပြောင်းလဲကစားစေမည်ဖြစ်သည်။

MNL ကလပ်အသင်းအများစုမှာ မတ် ၆၊ ၇၊ ၈ ရက်က ယှဉ်ပြိုင်ကစားသည့် ပွဲစဉ် (၉) အပြီး တွင် လေ့ကျင့်မှုရပ်နားခဲ့သဖြင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် လာမည့် တစ်ပတ်တွင် ကျင်းပရန်မဖြစ်နိုင်သောကြောင့် ပွဲစဉ် (၁၀)ကို လကုန်တွင် ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ပွဲစဉ် (၉)အပြီးတွင် ဟံသာဝတီအသင်းက (၂၄)မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ဧရာဝတီအသင်းက (၂၃)မှတ်၊ ရန်ကုန်အသင်းက ရမှတ် (၂၀)၊ လက်ရှိချန်ပီယံရှမ်းယူနိုက်တက်အသင်းက (၁၇)မှတ်၊ ရခိုင်အသင်းက (၁၅) မှတ်၊ စစ်ကိုင်းအသင်းက (၁၃)မှတ်၊ ရတနာပုံအသင်းက (၁၀)မှတ်၊ မကွေးနှင့် အား/ကာ သိပ္ပံအသင်းက (၇)မှတ်စီ၊ ဇွဲကပင်အသင်းက (၆)မှတ်၊ Southern နှင့် ချင်းယူနိုက်တက်အသင်းတို့က (၄)မှတ်စီရရှိထားသည်။

ထိပ်ဆုံးတွင် ဦးဆောင်နေသည့် ဟံသာဝတီအသင်းသည် ပြန်လည်စတင်မည့် ပွဲစဉ် (၁၀)တွင် ဇွဲကပင်အသင်းနှင့် အိမ်ကွင်းကစားရမည်ဖြစ်ပြီး ပထမအကျော့နောက်ဆုံးပွဲတွင် ရန်ကုန်အသင်းနှင့် အဝေးကွင်းကစားရမည်ဖြစ်သည်။
ရာသီဝက်ချန်ပီယံဆုအတွက် နောက်ဆုံးပွဲမှာ အဆုံးအဖြတ်ဖြစ်နေပြီး တစ်မှတ်အကွာ (၂၃) မှတ်ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည့် ဧရာဝတီအသင်းသည် ရခိုင်၊ စစ်ကိုင်းအသင်းတို့နှင့် ထပ်မံကစားရမည်ဖြစ်သည်။ ဧရာဝတီအသင်းသည် ပထမအကျော့ ၁၁ ပွဲတွင် အိမ်ကွင်းကိုးပွဲအထိ ကစားရမည်ဖြစ်သည်။










