ကိုင်တွယ်ခဲ့သည့် အသင်းတိုင်း၌ ဆုဖလားအောင်ပွဲ ရယူနိုင်ခဲ့သလို စပါးအသင်းတွင်လည်း လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း မော်ရင်ဟို ဆို

ကိုင်တွယ်ခဲ့သည့် အသင်းတိုင်း၌ ဆုဖလားအောင်ပွဲ ရယူနိုင်ခဲ့သလို စပါးအသင်းတွင်လည်း လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း မော်ရင်ဟို ဆို
Published 10 March 2020

 

စပါးအသင်း၏နည်းပြ မော်ရင်ဟိုက ရလဒ်ဆိုးများကြောင့် ဖိအားများနှင့် ရင်ဆိုင်နေရသော်လည်း မိမိအနေဖြင့် ကိုင်တွယ်ခဲ့သည့်အသင်းတိုင်း၌ ဆုဖလားအောင်ပွဲ ရယူနိုင်ခဲ့သလို စပါးအသင်းတွင်လည်း လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

စပါးအသင်းသည် လက်ရှိအချိန်၌ ပြိုင်ပွဲစုံနောက်ဆုံး (၅)ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးထားပြီး ဆုဖလားမျှော်လင့်ချက်မှာလည်း ချန်ပီယံလိဂ်ပြိုင်ပွဲတစ်ခုသာ ရှိတော့သည်။ 

ထို့ကြောင့် မော်ရင်ဟိုက  လိုက်ပ်ဇစ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် ချန်ပီယံလိဂ်ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။ 

မော်ရင်ဟိုက ''တော်တင်ဟမ်(စပါး)က ကျွန်တော့်ရဲ့ ဆုဖလားမရယူနိုင်တဲ့ တစ်သင်းတည်းသောအသင်း ဖြစ်လာမှာမဟုတ်ပါဘူး။ ကျွန်တော်က အသင်းတိုင်းမှာ ဆုဖလားရယူနိုင်ခဲ့ပါတယ်။ စပါးအသင်းမှာလည်း အဲဒီအတိုင်း လုပ်ဆောင်သွားနိုင်မယ်လို့ ယုံကြည်ပါ တယ်။ ကျွန်တော် ဒီအသင်းကို ရောက်တာ (၃၊ ၄)လပဲ ရှိပါသေးတယ်။ အလွန်ခက်ခဲတဲ့အခြေအနေမှာ ကိုင်တွယ်ခဲ့ရတာဖြစ်ပြီး အခု ပိုခက်ခဲတဲ့အခြေအနေကို ရောက်ရှိနေပေမယ့် ကျွန်တော့်ကိုယ်ကျွန်တော် ယုံကြည်ပါတယ်။ ကစားသမား တွေကိုလည်း ယုံကြည်ပါတယ်။ အသင်းကိုလည်း ယုံကြည်ပါတယ်။ ကျွန်တော့်ရဲ့ စာချုပ်သက်တမ်းအတွင်းမှာ ဒီအသင်းကို ဆုဖလားရရှိအောင် ကူညီပေးသွားနိုင်မယ်လို့လည်း ယုံ ကြည်ပါတယ်''ဟု ပြောကြားခဲ့သည်။ 

စပါးအသင်းသည် ၂၀၀၇-၀၈ ရာသီက လိဂ်ဖလားချန်ပီ ယံဆုရရှိခဲ့ပြီးနောက်ပိုင်း ဆုဖလားအောင်ပွဲနှင့် ဝေးကွာနေခဲ့ခြင်းဖြစ်သည်။ 

မော်ရင်ဟိုသည် နောက်ပိုင်းကိုင်တွယ်ခဲ့သည့် အသင်းများ၌ ဝေဖန်ပြစ်တင်မှုများနှင့် ဆက်တိုက်ရင်ဆိုင်နေရသော်လည်း ဆုဖလားအောင်ပွဲကိုမူ မလွတ်တမ်းရယူနိုင်ခဲ့သူဖြစ်သည်။ 

ထို့ကြောင့် မော်ရင်ဟိုက စပါးအသင်းတွင်လည်း ၎င်း၏အစဉ်အလာကောင်းကို ထိန်းသိမ်းနိုင်လိမ့်မည်ဟု ယုံကြည်နေခြင်းဖြစ်သည်။ 

မော်ရင်ဟိုသည် စပါးအသင်းနှင့် ၂၀၂၃ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်သည်။

 

Most Read

Most Recent