ဘက်တစ်နှင့်ပွဲမှာ ယခုရာသီ ရီးယဲလ်၏ အညံ့ဆုံးပွဲဖြစ်ပြီး ယင်းအတွက် မိမိတွင် တာဝန်ရှိသည်ဟု ဇီဒန်း ဆို

ဘက်တစ်နှင့်ပွဲမှာ ယခုရာသီ ရီးယဲလ်၏ အညံ့ဆုံးပွဲဖြစ်ပြီး ယင်းအတွက် မိမိတွင် တာဝန်ရှိသည်ဟု ဇီဒန်း ဆို
Photos : AFP & Getty Images
Photos : AFP & Getty Images
Published 10 March 2020

 

ရီးယဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက ဘက်တစ်အား (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲမှာ ယခုရာသီအသင်း၏ အညံ့ဆုံးပွဲတစ်ပွဲဖြစ်သည်ဟုဆိုခဲ့ပြီး ယင်းအတွက် မိမိတွင် တာဝန်အပြည့်ရှိသည်ဟု ဝန်ခံခဲ့သည်။

ရီးယဲလ်အသင်းသည် El Clásico တွင် ဘာစီလိုနာအသင်းကို အနိုင်ယူပြီး ဇယားထိပ်သို့ တက်လှမ်းခဲ့သော်လည်း တစ်ပတ်အကြာတွင် ဘက်တစ်ကို ရှုံးနိမ့်ကာ အဆင့်(၁)နေရာမှ ဖယ်ပေးခဲ့ရသည်။

ပွဲကစားရန် (၁၁)ပွဲသာ ကျန်ရှိတော့ချိန်တွင် ယခုကဲ့သို့ ခြေချော်ခဲ့ခြင်းမှာ ရီးယဲလ်အသင်းအတွက် အထိနာစရာဖြစ်သည်။ ဇီဒန်းက "ကျွန်တော်တို့ ဒီနေ့မှာ ဘာဆိုဘာမှ မလုပ်နိုင်ခဲ့ပါဘူး။ ဒီအတွက် အပြစ်တင်ခံရမယ့်သူက ကျွန်တော်ပါပဲ။ ဘာတွေဖြစ်ခဲ့သလဲဆိုတာ ကျွန်တော် ပြန်လည်သုံးသပ်ရပါမယ်။ ချန်ပီယံဆုအတွက် အဆုံးစွန်အထိ တိုက်ပွဲဝင်သွားမှာပါ။ ကစားသမားတွေနဲ့ သေသည့်တိုင်အောင် ကျွန်တော် ရှိနေပါတယ်။ ကျွန်တော်က တာဝန်ယူရမယ့်သူပါ" ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။

အဆိုပါပွဲတွင် ရီးယဲလ်အသင်းသည် ဘက်တစ်၏ စိုးမိုးမှုကိုခံခဲ့ရပြီး ဘာစီလိုနာကစားသမားဟောင်း တယ်ယို၏ အသည်းခွဲဂိုးကြောင့် အရေးနိမ့်ခဲ့ရသည်။

အသင်းခေါင်းဆောင် ရာမို့စ်ကလည်း ရလဒ်မှာမျှတပြီး မိမိတို့ညံ့ဖျင်းခဲ့သည်ဟု ဝန်ခံခဲ့သည်။

ရာမို့စ်က "ရလဒ်က မျှတပါတယ်။ ကျွန်တော်တို့ ကိုယ့်ဘာသာ ပြန်သုံးသပ်ရမှာပါ။ ချန်ပီယံဖြစ်ချင်ရင် ဒီလိုမှားလို့ မရပါဘူး။ ရှေ့ဆက်ဖို့ ကျန်ပါသေးတယ်။ ပိုကောင်းတဲ့ ပုံစံနဲ့ တု့ံပြန်သွားမှာပါ" ဟု ပြောကြားခဲ့သည်။

 

Most Read

Most Recent