ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က မတ်လနှင့် ဇွန်လတွင် ယှဉ်ပြိုင်ကစားရမည့် အာရှဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲများကို ရွှေ့ဆိုင်းလိုက်ကြောင်း အတည်ပြုကြေညာခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ယင်းပွဲများကို ရွှေ့ဆိုင်းရန် ပြီးခဲ့သည့်ရက်ပိုင်းကတည်းက ဆွေးနွေးနေခြင်းဖြစ်ပြီး ယခုအခါ ဖီဖာနှင့် အာရှဘောလုံးအဖွဲ့ချုပ် (AFC)တို့ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
မူလက အဆိုပါခြေစစ်ပွဲများကို မတ်လ (၂၃)ရက်နှင့် (၃၁)နေ့တွင်လည်းကောင်း၊ ဇွန်လ (၁)ရက်နှင့် (၉)ရက်နေ့တွင်လည်းကောင်း ယှဉ်ပြိုင်ကစားရန် စီစဉ်ထားခြင်းဖြစ်သည်။
ဖီဖာနှင့် AFC သည် ရွှေ့ဆိုင်းလိုက်သည့်ပွဲများ ပြန်ကစားရမည့်နေ့ရက်ကို ဆက်လက်ဆွေးနွေးနေဆဲဖြစ်သော်လည်း မတ်လပွဲစဉ်များကို အောက်တိုဘာလတွင်လည်းကောင်း၊ ဇွန်လပွဲစဉ်များကို နိုဝင်ဘာလတွင်လည်းကောင်း ယှဉ်ပြိုင်ကစားရဖွယ်ရှိကြောင်း သိရှိရသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် မတ်လ(၂၃)ရက်တွင် ဂျပန်အသင်းနှင့် အဝေးကွင်း၊ မတ်လ(၃၁)ရက်တွင် ကာဂျစ္စတန်အသင်းနှင့် အိမ်ကွင်း၊ ဇွန်(၉)ရက်တွင် တာဂျစ်ကစ္စတန်အသင်းနှင့် အဝေးကွင်းပွဲစဉ်များအဖြစ် အုပ်စုလက်ကျန်ပွဲ(၃)ပွဲ ကစားရန်ရှိနေသည်။
သို့သော် မူလနေ့ရက်အတိုင်း ယှဉ်ပြိုင်ကစားသွားရန် ဆန္ဒရှိသည့်နိုင်ငံများအနေဖြင့် အချင်းချင်းသဘောတူညီမှုရရှိပါက ဖီဖာနှင့် AFC တို့ထံ ခွင့်ပြုချက်တောင်းခံရမည်ဖြစ်ပြီး လက်ခံစဉ်းစားပေးသွားရန် စီစဉ်ထားကြောင်းလည်း သိရှိရသည်။










