သန့်ရှင်းလွန်းတဲ့ မန်ချက်စတာဒါဘီလို့ပဲ ပြောရမယ်။ အငြင်းပွားမှုမရှိ၊ ခိုက်ရန်ဖြစ်ပွားမှုမရှိ၊ စည်းကမ်းမဲ့ ဖျက်ထုတ်မှုတွေမရှိ၊ ဘောလုံးပညာ သန့်သန့်လေး အားပြိုင်သွားတယ်။
မန်ယူက ပိုကောင်းခဲ့ပြီး၊ ထိုက်ထိုက်တန်တန်အနိုင်ရခဲ့တာဖြစ်တယ်။ ဒီပွဲမှာ မမြင်ခဲ့ရတဲ့၊ မဖြစ်ခဲ့တဲ့ ကိစ္စတွေကို ပြောပြီးတဲ့နောက် မြင်ရတဲ့အရာတွေကို ပြောရရင် ဘရူနိုဖာနန်ဒက်စ်ရဲ့ ဘောလုံးအမြင်၊ ဦးနှောက်နဲ့ တိကျသေချာတဲ့ ကစားပုံ၊ ဝမ်ဘစ်ဆာကာရဲ့ ဖျက်အား၊ လိုက်အားနဲ့ ခံစစ်ကစားပုံကျွမ်းကျင်မှု၊ မက်ဂွိုင်းရဲ့ခံစစ်ကို ထိန်း ကျောင်းပုံ၊ လူစားဝင်လာတဲ့ တွမ်မီနေးရဲ့ ယုံ ကြည်မှုအပြည့်၊ တိကျမှုအပြည့်နဲ့ ကန်ချက်တွေဖြစ်တယ်။

ဘောလုံးမှာ အတွေးအခေါ်ကောင်းဖို့၊ အယူအဆမှန်ဖို့က ဘယ်လောက်အရေးကြီးသလဲဆိုတာလည်း မန်ယူအသင်း မရရှိလိုက်တဲ့ အပိုင်အခွင့်အရေးနှစ် ကြိမ်လောက်က ပြသခဲ့တယ်။
နှစ်ကြိမ်စလုံး ဘရူနိုဖာနန်ဒက်စ်ကို ပြန်ချိုးပေးရင် သွင်းဂိုးဖြစ်လာနိုင်တဲ ့အခွင့်အရေးတွေဆိုပေမယ့် မာစီယဲလ်နဲ့ ဒန်နီယယ်လ်ဂျိမ်းစ်တို့ရဲ့ ဘောလုံးအမြင်က မထက်မြက်ခဲ့ဘူး။ နိုင်ပွဲတစ်ပွဲကို ကိုယ့် ရဲ့သွင်းဂိုးတွေနဲ့ ဖြစ်စေချင်တဲ့အတ္တလည်းပါလိမ့်မယ်။ ကိုယ်တိုင်ကန်သွင်းခဲ့ကြပြီး ဂိုးတွေမဖြစ်ခဲ့ဘူး။

အခွင့်အရေးတွေကိုသာ အပိုင်အ သုံးချနိုင်ခဲ့ရင် မန်ယူအသင်းရဲ့အနိုင်ရလဒ်က ပိုပြီးပြတ်သားသွားနိုင်ပါတယ်။ မန်စီးတီးကတော့ လာပေါ့တ်မကစားတဲ့ ခံစစ်ရဲ့အရည်အသွေးဟာ မေးခွန်းထုတ်စရာဖြစ်သလို၊ ကွင်းလယ်မှာလည်း ဒီဘရိုင်းနားမပါတဲ့အချိန်မှာ Creativity လုံးဝခမ်းခြောက်သွားတာကို မြင်ခဲ့ရတယ်။
ဂွန်ဒိုဂန်-ရိုဒရီ-ဘာနာဒိုဆေးလ်ဗား တို့ရဲ့ ကွင်းလယ်က ဘောလုံးပိုင်ဆိုင်မှုအတွက် အားကိုးရပေမယ့် ထိရောက်ပြီး၊ ရှင်းလင်းပြတ်သားတဲ့ တိုက်စစ်ကစားပုံမရှိဘူး။ တိုက်စစ်လမ်း ကြောင်းတွေ မဖော်ဆောင်ပေးနိုင်ဘူး။

ဒါ့အပြင် ဘယ်တောင်ပံက စတာလင်ကို ဝမ်ဘစ်ဆာကာက လွယ်လွယ်လေး ထိန်းချုပ်ပြခဲ့ပြီး၊ ညာတောင် ပံမှာကစားတဲ့ ဖိုဒန်က ကွင်းလယ်ကိုပဲ ဝင်ချင်နေတဲ့အချိန်မှာ မန်စီးတီးတိုက်စစ်ကစားပုံက Rythm ပျက်ခဲ့ပြီး အဂွဲရိုးပါ မန်ယူခံစစ်ကစား သမားတွေကြားထဲမှာ နစ်မြုတ်သွားခဲ့တယ်။
ဒီဘရိုင်းနားရဲ့ရုန်းအား၊ ဒီဘရိုင်းနားရဲ့ ဖန်တီးပေးပို့မှုတွေ ပျောက်ဆုံးနေတဲ့ ကွင်းလယ်ရဲ့အားနည်းမှုက သိသိသာသာပေါ်လွင်ခဲ့ပြီး မန်စီးတီးရဲ့တိုက်စစ်က ဒီပွဲမှာတော့ တော်တော်လေး အပေါစားဆန်ခဲ့တယ်လို့ပဲ ပြောရမယ်။

ဟေးဇူးစ်ဝင်လာတဲ့အချိန်မှာ တိုက်စစ်ပိုကောင်းလာပေမယ့် ထင်သလောက်မဟုတ်ဘူး။ မာရက်ဇ်က တစ်ဦးချင်း ကောင်းပေမယ့် Space တွေမရခဲ့ဘူး။ သူဖန်တီးပေးတဲ့ တစ်ကြိမ်ကိုလည်း စတာလင်အဆင်သင့် မပိတ်နိုင်ခဲ့တာက မန်စီးတီးကို နစ်နာစေခဲ့တယ်။
မန်ယူရဲ့Transition တွေက လှပပြီး၊ ဘောလုံးဆုံးတဲ့အချိန် Positioning ကလည်း ကျစ်လျစ်ပြီး စနစ်ကျတယ်။ မန်စီးတီးထက်ပိုကောင်းတဲ့ အခွင့်အရေးတွေကို ထိထိရောက်ရောက်၊ လျင် လျင်မြန်မြန်ဖန်တီးနိုင်ခဲ့တယ်။

အဖွင့်ဂိုးကို ဘရူနိုဖာနန်ဒက်စ် ပြစ်ဒဏ်ဘောကနေ အငိုက်ဖမ်း ပြီးတင်ပေးတာကို မာစီယဲလ်ကမိနစ် (၃၀)မှာသွင်းခဲ့ပြီး ဒုတိယဂိုးကိုတော့ တွမ်မီနေးက (၉၆) မိနစ်မှာ ကွင်းတစ်ဝက်ကနေသွင်းယူခဲ့တယ်။










