လန်ဒန်ဒါဘီမှာ အာဆင်နယ်နိုင်ပွဲရခဲ့ပြီး၊ အဝေးကွင်းသရေရလဒ်ကြောင့် ဖိအားတိုးခဲ့တဲ့စပါး

လန်ဒန်ဒါဘီမှာ အာဆင်နယ်နိုင်ပွဲရခဲ့ပြီး၊ အဝေးကွင်းသရေရလဒ်ကြောင့် ဖိအားတိုးခဲ့တဲ့စပါး
Published 8 March 2020

 

ပရီးမီးယားလိဂ်ပွဲစဉ် (၂၉)ရဲ့ စနေညပွဲစဉ်တွေမှာတော့ လန်ဒန်ဒါဘီပွဲစဉ်မှာ အာဆင်နယ်အသင်းက ဝက်စ်ဟမ်းအသင်းကို (၁-၀)ဂိုးနဲ့အနိုင် ယူခဲ့ပေမယ့် နောက်ထပ်လန်ဒန်အသင်းတစ်သင်းဖြစ်တဲ့ စပါးအသင်းကတော့ ဘန်လေအသင်းကို အဝေးကွင်းမှာ (၁-၁)ဂိုးသရေသာကစား နိုင်ခဲ့ပါတယ်။

နည်းပြအာတီတာရဲ့အာဆင်နယ်အသင်းဟာ ခက်ခဲတဲ့လန်ဒန်ဒါဘီပွဲစဉ်တစ်ပွဲကို ရင်ဆိုင်ခဲ့ရပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်အတွက် အရေးပါတဲ့နိုင်ပွဲတစ်ပွဲကိုရယူနိုင်ခဲ့ပါတယ်။

အိမ်ကွင်းမှာ ရလဒ်ကောင်းယူနိုင်ဖို့အတွက် အာဆင်နယ်အသင်းဟာ အူဘာမီယန်း၊ ပေပေ၊ စီဘယ်ယို့စ်၊ ချာကာ၊ အိုဇေးလ်တို့နဲ့လူစုံခဲ့သလို၊ တန်းဆင်းဇုန်အန္တရာယ်ရှိနေတဲ့ ဝက်စ်ဟမ်းအသင်းကလည်း အဝေးကွင်းမှာ အမှတ်ယူနိုင်ဖို့အတွက် ဟယ်လာ၊ ဘိုဝမ်၊ ဖော်နယ်လ်၊ ဒက်ကလန်ရိုက်၊ အန်တိုနီယိုတို့နဲ့ စုဖွဲ့တုံ့ပြန်ခဲ့တာပါ။

လန်ဒန်ဒါဘီပွဲစဉ်ပီပီ အကြိတ်အနယ်ရှိတဲ့ပွဲတစ်ပွဲကိုခံစားခဲ့ရပြီး အာဆင်နယ်အသင်း ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိအားပေးကစားနိုင်ခဲ့ပေမယ့်၊ ဝက်စ်ဟမ်းအသင်းရဲ့ တန်ပြန်တိုက်စစ်ကတစ်ဆင့်တုံ့ပြန်မှုတွေကလည်း အာဆင်နယ်အသင်းကို ခက်ခဲစေခဲ့ပါတယ်။

ပွဲအစပိုင်းမှာကတည်းက အာဆင်နယ်အသင်းအခွင့်အရေးကောင်းတွေရခဲ့ပေမယ့် ဂိုးကံခေနေခဲ့သလို၊ ဝက်စ်ဟမ်းခံစစ်နဲ့ ဂိုးသမား ဖာဘီယန်စကီးကလည်း အကောင်းဆုံးပုံစံမှာရှိခဲ့လို့ သွင်းဂိုးတွေမရခဲ့တာပါ။

ဝက်စ်ဟမ်းအသင်းအခွင့်အရေးတချို့ရခဲ့ပေမယ့်လည်း အာဆင်နယ်အသင်းခံစစ်ပိုင်းက တည်တည်ငြိမ်ငြိမ်တုံ့ပြန်နိုင်ခဲ့လို့ ဂိုးမရခဲ့ပါဘူး။

အာဆင်နယ်အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကိုတော့ ပွဲချိန် (၇၈)မိနစ်မှာ လူစားဝင်တိုက်စစ်မှူး လာကာဇက်ကသွင်းယူပေးခဲ့တာပါ။

လက်ကျန်မိနစ်မှာ ဝက်စ်ဟမ်းအသင်း ချေပဂိုးရဖို့ကြိုးစားခဲ့ပေမယ့် တိုက်စစ်မှူးတွေအသုံးမချနိုင်ခဲ့သလို၊ အာဆင်နယ်အသင်းက အနိုင်ရလဒ်ကိုထိန်းကစားသွားခဲ့လို့ (၁-၀)ဂိုးနဲ့ပဲပွဲပြီးဆုံးခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် (၃)ပွဲဆက်အနိုင်ရခဲ့တာဖြစ်သလို၊ ၂၀၂၀ ခုနှစ်အတွင်းကစားတဲ့ပရီးမီးယားလိဂ်ပွဲစဉ် (၈)ပွဲစလုံးရှုံးပွဲမရှိသေးဘဲ (၄)ပွဲဲနိုင်၊ (၄)ပွဲသရေကျခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက်မျှော်လင့်ချက်အားကောင်းလာခဲ့ပါတယ်။

နောက်ထပ်ပွဲစဉ်မှာတော့ ဖိအားတွေများနေတဲ့ နည်းပြမော်ရင်ဟိုရဲ့ စပါးအသင်းဟာ ဘန်လေအသင်းအဝေးကွင်းမှာ သရေသာကစားနိုင်ခဲ့လို့ ဖိအားတွေပိုတိုးခဲ့ရပါတယ်။

စပါအသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံး (၃)ပွဲဆက် နိုင်ပွဲပျောက်ခဲ့တာဖြစ်သလို၊ ပြိုင်ပွဲစုံနောက်ဆုံး (၅)ပွဲဆက်နိုင်ပွဲပျောက်ခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက်လည်းစိုးရိမ်စရာဖြစ်လာခဲ့ပါတယ်။

အဓိကတိုက်စစ်မှူးတွေမပါဝင်နိုင်တဲ့စပါးအသင်း ဒီနေ့ပွဲစဉ်မှာလည်း ဂိုးရဖို့ရုန်းကန်ခဲ့ရပြီး နည်းပြမော်ရင်ဟိုအနေနဲ့ စပါးအသင်းကို ကစားပုံ (သို့မဟုတ်) ရလဒ်ပိုင်းမှာ အပြောင်းအလဲတစ်ခု သေချာပေါက်လုပ်ဖို့လိုအပ်နေပြီဆိုတာလည်း မီးမောင်းထိုးပြခဲ့တဲ့ပွဲပါ။

ပွဲအစ (၁၃)မိနစ်မှာပဲ ခရစ္စဝုဒ်က ဘန်လေအသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး စပါးအသင်းကိုဖိအားတွေအောက်ပို့ခဲ့ပါတယ်။

ခရစ္စဝုဒ်ကတော့ ဒီရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုး (၁၁)ဂိုးအထိရှိလာခဲ့ပြီး ၂၀၁၄-၁၅ ရာသီက အက်ရှ်လေဘန်း (၁၂ ဂိုး)နဲ့ ဒန်နီအင့်စ် (၁၁ ဂိုး)တို့နောက် ဘန်လေအသင်းအတွက် ပရီးမီးယားလိဂ်မှာ တစ်ရာသီအတွင်း (၁၀)ဂိုးအထက်သွင်းယူနိုင်တဲ့ တတိယမြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။

ဦးဆောင်ဂိုးစောစောစီးစီးပေးလိုက်ရလို့ စပါးအသင်း ချေပဂိုးအတွက် ဖိဖိစီးစီးကစားလာခဲ့ပြီး ပွဲကလည်း အကြိတ်အနယ်ပိုရှိလာခဲ့ပါတယ်။

ဘန်လေအသင်းရဲ့ခံစစ်ပိုင်းဟာ စပါးအသင်းရဲ့တုံ့ပြန်မှုတွေကို တည်တည်ငြိမ်ငြိမ်ထိန်းချုပ်နိုင်ခဲ့လို့ စပါးအသင်းဂိုးရဖို့ခက်ခဲ့သလို၊ ဘန်လေအသင်းနောက်ထပ်ရရှိတဲ့အခွင့်အရေးတချို့ကိုလည်း အသုံးမချနိုင်ခဲ့လို့ ပထမပိုင်းမှာတော့ (၁-၀) ဂိုးနဲ့ပဲပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့  စပါးအသင်းချေပဂိုးရဖို့ ကစားအားတင်လာခဲ့ပြီး အခွင့်အရေးတွေလည်းရလာခဲ့ပါတယ်။

စပါးအသင်းအတွက်ချေပဂိုးကိုတော့ ပွဲချိန် (၅၀)မိနစ်မှာ အယ်လီက ပယ်နယ်တီကနေတစ်ဆင့်သွင်းယူပေးခဲ့တာပါ။

အယ်လ်ီကတော့ အသက် (၂၃ နှစ် ၃၃၁ ရက်)မှာပဲ စပါးအသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၅၀)ဂိုးပြည့်မြောက်ခဲ့တာဖြစ်ပြီး ဟာရီကိန်း (၂၃ နှစ် ၄၄ ရက်)အပြီး စပါးအသင်းအတွက် လိဂ်သွင်းဂိုး (၅၀)ပြည့်တဲ့ ဒုတိယမြောက်အသက်အငယ်ဆုံးကစားသမားဖြစ်ခဲ့ပါတယ်။

လက်ကျန်မိနစ်မှာတော့ နှစ်သင်းစလုံးအနိုင်ဂိုးရဖို့ အကြိတ်အနယ်ကြိုးစားခဲ့ကြပေမယ့် ရရှိတဲ့အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့ (၁-၁)ဂိုးနဲ့ပဲပွဲပြီးဆုံးခဲ့ပါတယ်။

 

Most Read

Most Recent