ဒါဘီ ၀-၃ မန်ယူ
အဝေးကွင်းဖြစ်ပေမယ့် မန်ယူအသင်းအတွက် အခက်အခဲမရှိတဲ့ပွဲဖြစ်ပြီး တိုက်စစ်မှူး အီဂါလို ဂိုးထပ်သွင်းနိုင်ခဲ့တာကလည်း ကျေနပ်စရာပါပဲ။ မက်ဂွိုင်းရား၊ ဒီဟေးယားတို့ မပါဝင်ပေမယ့်လည်း ဘရူနိုဖာနန်ဒက်စ်၊ မာတာတို့ ဦးဆောင်ခဲ့တဲ့ မန်ယူအသင်း သက်သောင့်သက်သာ ကစားသွားနိုင်ခဲ့ပါတယ်။

အသင်းဟောင်းနဲ့ ပြန်ရင်ဆိုင်ရတဲ့ပွဲမှာ ရွန်နီက ဒါဘီအသင်းရဲ့ ကွင်းလယ်ခံစစ်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ပြီး မန်ယူအသင်းရဲ့တိုက်စစ်ကို ဖြတ်တောက်တားဆီးမှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဖရီးကစ်ကန်ချက်နှစ်ကြိမ်ကလည်း ဂိုးရလုနီးပါး ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ အသင်းလိုက်ကစားပုံရော ကစားသမား တစ်ဦးချင်းမှာပါ ကွာခြားတာကြောင့် ရွန်နီလည်း ဒီထက်တော့ မတတ်နိုင်ခဲ့ပါဘူး။ လင်ဂတ်ကတော့ ဒီပွဲမှာလည်း မန်ယူပရိသတ်တွေရဲ့ လက်ခုပ်သံကို ရယူနိုင်ခြင်းမရှိခဲ့ဘဲ မန်ယူအသင်းအတွက် ခြေစွမ်းပြခဲ့သူကတော့ လုခ်ရှောပါ။

မန်ယူ အသင်းက (၃၃)မိနစ်မှာ လုခ်ရှော၊ (၄၁)မိနစ်မှာ အီဂါလိုတို့ရဲ့ သွင်းဂိုးတွေနဲ့ ပထမပိုင်းမှာပဲ ဖိအားလျော့အောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဒါဘီအသင်းက မန်ယူအသင်းဘက်ကို ပိုတိုက်စစ်ဆင်ကစားနိုင်ခဲ့ပေမယ့် တွဲဖက်ထိုး ဖောက်မှုမှာရော အဆုံးသတ်ကန်သွင်းမှုမှာပါ အားနည်းချက်တွေရှိခဲ့ပါတယ်။

ဒါကြောင့် မန်ယူအသင်းရဲ့ ခံစစ်ပိုင်း အမှားအယွင်းတချို့ရှိခဲ့ပေမယ့် ဒါဘီအသင်း သိက္ခာဆယ်ဂိုးတောင် သွင်းယူနိုင်ခြင်း မရှိခဲ့တာပါ။ မန်ယူအသင်းအတွက် တတိယဂိုးကိုတော့ မိနစ်(၇၀)မှာ အီဂါလိုကပဲ ကန် သွင်းယူခဲ့ပါတယ်။ ဒါပေမဲ့ ပွဲပြီးခါနီးမှာ ဟက်ထရစ်ရနိုင်တဲ့ အခွင့်အရေးရခဲ့တာကိုတော့ အသုံးချနိုင်ခြင်းမရှိခဲ့ပါဘူး။

မန်ယူအသင်းအနေနဲ့ FA ဖလား ကွာတားဖိုင်နယ်အဆင့်ကို (၆)ရာသီဆက်တိုက် တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။










