ရီးယဲလ်မက်ဒရစ်အသင်း၏ ဂန္ထဝင်ဂိုုးသမားဟောင်းနှင့် စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု အတည်ပြုထားသည့် ကာဆီးလက်စ်က အခွန်ရဲများသည် မိမိ၏ နေအိမ်ကို ဝင်ရောက်စီးနင်းရှာဖွေခဲ့သည်ဟု အတည်ပြုခဲ့ပြီး မည်သည့်အမှားအယွင်းမှ မပြုလုပ်ထားသဖြင့် မိမိအနေဖြင့် အေးအေးဆေးဆေးပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပေါ်တူဂီအခွန်ရဲများသည် အခွန်ရှောင်သည့် သတင်းများကျယ်ပြန့်စွာ ထွက်ပေါ်ခဲ့ပြီးနောက် နာမည်ကျော်များ၏ နေအိမ်များကို ဝင်ရောက်စီးနင်းရှာဖွေခဲ့ပြီး ပေါ်တူဂီနာမည်ကျော် အေးဂျင့်ဂျော့ချ်မန်ဒက်စ်၏ နေအိမ်ကိုလည်း စီးနင်းခဲ့သေးသည်။

၎င်းတို့အပြင် ပေါ်တိုအသင်း၏ ရုံးခန်း၊ ပေါ်တိုအသင်း၏ ကစားသမားများနှင့် အသင်း၏ထိပ်တန်းအရာရှိများ၏ နေအိမ်များကိုလည်း ရှာဖွေခဲ့ကြပြီး ကာဆီးလက်စ်ကလည်း "ပေါ်တိုမှာရှိတဲ့ ကျွန်တော့်နေအိမ်ကို ပေါ်တူဂီအခွန်အရာရှိတွေ လာရောက်ရှာဖွေခဲ့ကြပါတယ်။ သူတို့ဟာ တခြားလူပုဂ္ဂိုလ် (၇၆)ဦးကိုလည်း ရှာဖွေခဲ့ပြီး ကျွန်တော့်ကိုလည်း စာရွက်စာတမ်းကိစ္စတွေနဲ့ ပတ်သက်ပြီး မေးမြန်းမှုတွေလုပ်ခဲ့ပါတယ်။ သူတို့လိုအပ်တဲ့ အချက်အလက်အားလုံးကို ကျွန်တော် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အားလုံးအေးဆေးပါပဲ။ ရိုးသားပွင့်လင်းစွာနေထိုင်နေတာက ကျွန်တော့်ရပ်တည်ရှင်သန်နေထိုင်တဲ့ ပုံစံဖြစ်လို့ ပြဿနာမရှိခဲ့ပါဘူး" ဟု ဆိုခဲ့သည်။










