အင်တာမီလန်အသင်းသည် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ ကူညီထောက်ပ့ံသည့်အနေဖြင့် မီလန်မြို့မှ L.Sacco ဆေးရုံသို့ ယူရို(၁) သိန်းလှူဒါန်းခဲ့ကြောင်း သိရသည်။
ကမ္ဘာတစ်ဝှမ်းသို့ ပျံ့နှံ့ကူးစက်နေသည့် ကိုရိုနာဗိုင်းရပ်စ်မှာ အီတလီနိုင်ငံကိုလည်း ဆိုးဆိုးရွားရွားရိုက်ခတ်နေပြီး လက်ရှိအချိန်၌ အီတလီနိုင်ငံတွင် ယင်းဗိုင်းရပ်စ်ကြောင့် သေဆုံး သူ (၁၀၀)ကျော်ရှိသွားပြီဖြစ်သည်။

ထို့ကြောင့် စီးရီးအေနှင့် ကိုပါအီတာလီယာပွဲစဉ်များအပါအဝင် အားကစားပြိုင်ပွဲများစွာကိုလည်း ရွှေ့ဆိုင်းထားရသည်။
ထို့ကြောင့် အင်တာမီလန်အသင်း၏ ဥက္ကဋ္ဌဖြစ်သူ စတီဗင်ကျန်းက ယူရို(၁)သိန်းလှူဒါန်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
၎င်းက မီလန်မြို့မှ L.Sacco ဆေးရုံ၏ ရောဂါရှာဖွေရေးနှင့် ဇီဝဆေးသိပ္ပံဌာနသို့ လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ဆေးသိပ္ပံပညာရှင်များ ပိုမိုတွင်ကျယ်စွာ လုပ်ဆောင်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

အင်တာမီလန်အသင်းက "အသင်းဥက္ကဋ္ဌ စတီဗင်ကျန်းနဲ့ အင်တာမီလန်အသင်းဟာ မီလန်မြို့က L.Sacco ဆေးရုံရဲ့ ရောဂါရှာဖွေရေးနဲ့ ဇီဝဆေးသိပ္ပံဌာနကို ယူရို(၁၀၀၀၀၀) လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါဟာ ကိုရိုနာဗိုင်းရပ်စ်အတွက် လုပ်ဆောင်နေတဲ့ ဆေးသိပ္ပံပညာရှင်တွေအတွက် အကူအညီအထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်ပါတယ်။ အင်တာမီလန်အသင်းဟာ မီလန်မြို့ကို ကိုယ်စားပြုခွင့်ရရှိခြင်းအတွက် ဂုဏ်ယူနေတဲ့အသင်းဖြစ်သလို၊ မီလန်မြို့မှာ နေထိုင်နေကြသူတွေရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးအတွက်လည်း တာဝန်ရှိတယ်လို့ ယူဆထားတာကြောင့် အခုလို လှူဒါန်းခဲ့တာပါ" ဟု ကြေညာချက်တွင် ဖော်ပြခဲ့သည်။










