အာရှဘောလုံးအဖွဲ့ချုပ်(AFC) သည် လုပ်ပွဲကစားမှုဖြင့် လာအိုလက်ရွေးစင်ကစားသမား(၂)ဦးကို ရာသက်ပန်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း ဖေဖော်ဝါရီ (၂၆)ရက်က ထုတ်ပြန်ခဲ့သည်။
၂၀၁၇ ခုနှစ်၊ အောက်တိုဘာ (၅)ရက်က ဟောင်ကောင် တွင် ကစားခဲ့သည့် ခြေစမ်းပွဲ ဟောင်ကောင် (၄-၀) လာအိုပွဲတွင် လာအိုအသင်းမှ ဆာယာဗက်သီနှင့် ဆေဆာနာဆိုသူတို့သည် လုပ်ပွဲကစားခဲ့ကြကြောင်း AFC မှ တွေ့ရှိခဲ့ကာ ရာသက်ပန်ပွဲပယ်ပြစ်ဒဏ်ချမှတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
AFC ၏ ထုတ်ပြန်ချက်တွင် ''AFC ၏ဆုံးဖြတ်ချက်ကို လာအိုဘောလုံးအဖွဲ့ချုပ်ထံ ပေးပို့ထားပြီးဖြစ်ကြောင်း၊ AFC အနေဖြင့် အဆိုပါကစားသမားများကို ကမ္ဘာတစ်ဝန်းတွင် ပိတ်ပင်သွားရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)ထံသို့ တောင်းဆိုသွားမည်ဖြစ်ကြောင်း၊ AFC အနေဖြင့် လုပ်ပွဲကစားမှုများကို လုံးဝသည်းခံသွားမည်မဟုတ်ကြောင်းနှင့် လုပ်ပွဲကစားမှု၊ လာဘ်စားမှုများကို ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း'' ပါရှိသည်။
လာအိုကစားသမားများအနေဖြင့် လုပ်ပွဲဖြင့် အရေးယူခံရခြင်းမှာ ယခုအကြိမ်မှာ ပထမဆုံးမဟုတ်ဘဲ လာအို၏ ထိပ်တန်းအသင်းဖြစ်သည့် လာအိုတိုယိုတာအသင်းမှာ ၂၀၁၅ နှင့် ၂၀၁၆ AFC Cup ပြိုင်ပွဲများတွင် လုပ်ပွဲများကစားခဲ့မှုကြောင့် ၂၀၁၈ AFC Cup ပြိုင်ပွဲမှ ထုတ်ပယ်ခံခဲ့ရဖူးကြောင်း သိရသည်။
AFC သည် လက်ရှိတွင် အာရှတိုက်အတွင်း ဖြစ်ပွားနေသည့် လုပ်ပွဲသံသယမှုများကို စစ်ဆေးလျက်ရှိကြောင်း သိရသည်။
AFC သည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ(၁၀)ရက်က ကစားခဲ့သည့် ၂၀၂၀ ကမ္ဘာ့ဖလား အာရှဇုန်ဒုတိယအဆင့် ကာ ဂျစ္စတန် (၇-၀) မြန်မာပွဲကိုလည်း လုပ်ပွဲပြုလုပ်ခဲ့သည်ဟု သံသယရှိနေကြောင်း သိရသည်။
ထို့ကြောင့် AFC နှင့် FIFA မှ တာဝန်ရှိသူများသည် ယခုလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ကာ ကာဂျစ္စတန်နှင့် မြန်မာပွဲတွင် ပါဝင်ကစားခဲ့သည့် မြန်မာကစားသမား(၈)ဦးကို တစ်ဦးချင်းတွေ့ဆုံကာ ဗီဒီယိုုဖိုင်များဖြင့် အချက်အလက်များပြသ၍ အမေးအဖြေပြုလုပ်ခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။










