မန်စီးတီးနည်းပြ ဂွါဒီယိုလာက ယနေ့ည ယှဉ်ပြိုင်ကစားရမည့် ရီးယဲလ်နှင့် ချန်ပီယံလိဂ်ပွဲတွင် စတာလင် ပါဝင်နိုင်မည်ဟု အတည်ပြုပြောကြားခဲ့သည်။
စတာလင်သည် စပါးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲတွင် တံကောက်ကြောဒဏ်ရာရရှိခဲ့သောကြောင့် ဝက်စ်ဟမ်း၊ လက်စတာတို့နှင့်ပွဲများကို လွဲချော်ခဲ့သူဖြစ်သည်။
သို့သော် ယင်းပွဲများတွင် ပါဝင်ယှဉ်ပြိုင်ရန်ပင် စတာလင်က တောင်းဆိုခဲ့ပြီး ဆေးအဖွဲ့က ခွင့်မပြု၍ ကစားခွင့်မရခဲ့ခြင်းဖြစ်ကြောင်းလည်း ဂွါဒီယိုလာက ပြောကြားခဲ့သည်။
ဂွါဒီယိုလာက ''စတာလင် ကြံ့ခိုင်မှုပြည့်ဝနေပါပြီ။ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာက အံ့အားသင့်စရာကောင်းပါတယ်။ သူက ဝက်စ်ဟမ်းနဲ့ပွဲမှာရော လက်စတာနဲ့ပွဲမှာပါ သူ ကစားနိုင်ကြောင်း ကျွန်တော်တို့ကို ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဆေးအဖွဲ့ကတော့ သတိထားဖို့လိုတယ်လို့ အကြံပေးခဲ့ပါတယ်။ ဒီဒဏ်ရာမျိုးက (၃)ပတ်နဲ့ တစ်လကြား အနားယူရလေ့ရှိပြီး သူကတော့ (၁၅)ရက်လောက်နားပြီးတာနဲ့ ပြန်ကစားချင်နေခဲ့တာပါ။ ဒါဟာ ကောင်းတဲ့ လက္ခဏာပါပဲ။ အခုသူ အဆင်သင့်ဖြစ်နေပါပြီ'' ဟု ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
မန်စီးတီးအသင်းသည် ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့် ပထမအကျော့အဖြစ် ရီးယဲလ်ကွင်းတွင် ယနေ့ည မြန်မာစံတော်ချိန် (၂း၃၀)နာရီ၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မန်စီးတီးအသင်းသည် ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲရန် ရေပန်းအစားဆုံးအသင်းအဖြစ် ရပ်တည်လျက်ရှိကြောင်းလည်း သိရှိရသည်။










