လီဗာပူးလ် ၃-၂ ဝက်စ်ဟမ်း
လီဗာပူးလ်က အသင်းခေါင်းဆောင် ဟန်ဒါဆန် ဒဏ်ရာကြောင့် မပါဝင်နိုင်တာကလွဲရင် အင်အားအပြည့်နဲ့ ပွဲထွက်လာခဲ့ပြီး နိုင်ပွဲဆက်စံချိန်ကို ဘယ်လောက်အထိ တိုးမြှင့်ချင်နေသလဲဆိုတာ ပြသခဲ့ပါတယ်။ ကစားသမားတွေကလည်း နိုင်လို စိတ်အပြည့်နဲ့ ကစားသွားခဲ့တာ တွေ့ရပေမယ့် ဒီလို နိုင်ချင်ဇောများနေခြင်းက ဟာကွက်တွေတော့ ပြန်ဖြစ်စေခဲ့ပါတယ်။

ဝက်စ်ဟမ်းကလည်း တန်းဆင်းဇုန်ထဲက လွတ်မြောက်ဖို့ ကြိုးစားနေတဲ့အသင်းဖြစ်တာကြောင့် ရုန်းအားအပြည့်နဲ့ တုံ့ပြန်သွားခဲ့ပါ တယ်။ ဒါကြောင့်လည်း ပရီးမီးယားလိဂ်နောက်ဆုံး(၁၁)ပွဲမှာ Clean Sheet (၁၀)ပွဲရခဲ့တဲ့ လီဗာပူးလ်ကို (၂)ဂိုးပြန်သွင်းယူနိုင်ခဲ့တာပါ။ ပွဲအစ (၉)မိနစ်မှာပဲ အာနိုးလ်ရဲ့ဖြတ်တင်ဘောကို ၀ိုင်နယ်လ်ဒမ်းက ခေါင်းတိုက်ကာ ဦးဆောင်ဂိုးသွင်းခဲ့ပေမယ့် (၃)မိနစ်မပြည့်ခင်မှာပဲ ထောင့်ကန်ဘောကနေ ဂျော့ပ်ကချေပဂိုးပြန် သွင်းခဲ့ပါတယ်။

လီဗာပူးလ်ပဲ ဖိကစားခဲ့ပေမယ့် ပထမပိုင်းမှာ ဒီရလဒ်နဲ့သာ ပြီးဆုံးခဲ့သလို၊ (၅၄)မိနစ်မှာ ဖော်နယ်လ်ရဲ့ဂိုးနဲ့ ဝက်စ်ဟမ်းက ပြန်ဦးဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ လီဗာပူးလ်အသင်းရဲ့ တရစပ်တိုက်စစ်ဆင်မှုကို ဝက်စ်ဟမ်းအသင်း တောင့်ခံနိုင်ခြင်းမရှိခဲ့ပါဘူး။

ဒါကြောင့် (၆၈)မိနစ်မှာ ဆာလာနဲ့ (၈၁)မိနစ်မှာ မာနေတို့က ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူပြီး မန်စီးတီးရဲ့ (၁၈)ပွဲဆက်အနိုင်ရတဲ့ စံချိန်ကိုအမီလိုက်နိုင်ခဲ့ပါတယ်။










