အင်္ဂလန်၊ စကော့တလန်နှင့် မြောက်အိုင်ယာလန်ဘောလုံးအဖွဲ့ချုပ်များသည် မူလတန်းအဆင့်ကျောင်းများ၌ ကလေးငယ်များကို ခေါင်းတိုက်လေ့ကျင့်စေခြင်းမပြုလုပ်ရန် ပိတ်ပင်လိုက်ကြောင်း သိရှိရသည်။
သုတေသနစစ်တမ်းများအရ ဘောလုံးကို ခေါင်းဖြင့်တိုက်ခြင်းသည် ဦးနှောက်ကို ထိခိုက်စေကြောင်း တွေ့ရှိသည့်အတွက် ယခုကဲ့သို့ ပိတ်ပင်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဘောလုံးကို ခေါင်းဖြင့်တိုက်ကစားခဲ့သော ဘောလုံးသမားဟောင်းများသည် သာမန်လူများထက်် ဦးနှောက်အာရုံကြောထိခိုက်မှုဖြင့် သေဆုံးနိုင်ခြေ (၃)ဆခွဲခန့် ပိုမိုများပြားကြောင်း လေ့လာမှုတွင် တွေ့ရှိရသည်ဟု ဆိုသည်။
ထို့ကြောင့် ဆေးပညာရှင်များက ဘောလုံးပွဲများ၌ ခေါင်းတိုက်ကစားခြင်းကို လုံးဝပိတ်ပင်ပစ်ရန်အထိ အလိုရှိနေကြောင်းလည်း သိရှိရသည်။
ယခုဘောလုံးအဖွဲ့ချုပ်(၃)ခု၏ ပိတ်ပင်မှုမှာ ပထမဆုံးခြေလှမ်းတစ်ရပ်ဖြစ်ပြီး ယခုနှစ်ကုန်ပိုင်း၌ ဥရောပဘောလုံးအဖွဲ့ချုပ်က ပိုမိုကျယ်ပြန့်သော လှုပ်ရှားမှုတစ်ရပ် ဖြစ်လာရန် ဆောင်ရွက်သွားဖွယ်ရှိကြောင်းလည်း သိရှိရသည်။
အမေရိကန်နိုင်ငံတွင်မူ အသက်(၁၀)နှစ်အောက် ကလေးငယ်အားလုံးကို ခေါင်းတိုက်ကစားခြင်းမပြုလုပ်ရန် ပိတ်ပင်ထားကြောင်း သိရှိရသည်။










