ရီယိုကာနီဗယ်ပွဲတော်သို့ သွားရောက်နိုင်ရန်အတွက် နေမာ အနီကတ် ရယူခဲ့ခြင်းဖြစ်သည်ဟု လှောင်ပြောင်ခံနေရ

ရီယိုကာနီဗယ်ပွဲတော်သို့ သွားရောက်နိုင်ရန်အတွက် နေမာ အနီကတ် ရယူခဲ့ခြင်းဖြစ်သည်ဟု လှောင်ပြောင်ခံနေရ
Photo: AFP
Photo: AFP
Published 24 February 2020

PSG အသင်းမှ ဘရာဇီးလ်တိုက်စစ်မှူး နေမာသည် တနင်္ဂနွေနေ့က ဘော်ဒိုးနှင့် ယှဉ်ပြိုင်ခဲ့သောပွဲတွင် ပွဲပြီးခါနီး၌ နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရပြီး ယင်းဖြစ်ရပ်မှာ ရီယိုကာနီဗယ်ပွဲတော်သို့ သွားရောက်နိုင်ရန်အတွက် တမင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ပရိသတ်များနှင့် မီဒီယာများက လှောင်ပြောင်ခဲ့ကြကြောင်း သိရှိရသည်။

နေမာသည် ရီယိုကာနီဗယ်ပွဲတော် ကျင်းပချိန်ရောက်တိုင်း ဒဏ်ရာ၊ ပွဲပယ်ပြဿနာများဖြစ်လေ့ရှိပြီး၊ ဘရာဇီးလ်သို့ ပြန်အနားယူလေ့ရှိကာ ယင်းပွဲတော်ကို သူ၏ အချစ်ဆုံး ညီမ၊ သူငယ်ချင်းများနှင့်အတူ ပျော်ပါးလေ့ရှိသူ ဖြစ်သည်။ 

အများအားဖြင့် ပွဲတော်ကျင်းပရက် နီးချိန်များတွင် နေမာသည် ဒဏ်ရာရလေ့ရှိပြီး၊ ပွဲတော်အပြီးတွင် ပြန်လည်သက်သာကာ ဘောလုံးပြန်ကစားလေ့ရှိရာ မီဒီယာများက နေမာသည် ယင်းပွဲတော်ကို ပြန်ရန် အကြံအဖန် လုပ်နေခြင်းဖြစ်ကြောင်း ဖော်ပြလေ့ရှိသည်။ 

    နေမာသည် ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ (၅)နှစ်အတွင်း ပွဲတော်ကာလရောက်ရှိချိန်တွင် အကြောင်းတစ်ခုမဟုတ်တစ်ခုဖြင့် ဘရာဇီးလ်သို့ ပြန်ခွင့်ရခဲ့သည်။

ယခုနှစ်တွင်မူ ဒဏ်ရာကင်းစင်နေခြင်းကြောင့် (၅)နှစ်ဆက် သွားရောက်ခဲ့သည့် ပြိုင်ပွဲကို  လွဲချော်မလိုဖြစ်နေရာမှ ဘော်ဒိုးနှင့်ပွဲ၊ နောက်ဆုံးမိနစ်တွင် ဒုတိယမြောက်အဝါကတ်အပြခံရကာ ပွဲပယ်ပြစ်ဒဏ်ကျခံရပြန်ခြင်းဖြစ်သည်။

    ယင်းအဝါကတ်ပြစ်ဒဏ်မှာ မဖြစ်မနေ လိုအပ်နေသည့် အခြေအနေမဟုတ်ဘဲ နေမာသည် တမင်တကာ ခပ်ကြမ်းကြမ်းကစားကာ ဒုတိယအဝါကတ်အပြခံရအောင် ဖန်တီးခဲ့သည့်ပုံစံပေါက်နေခြင်းအတွက် ပရိသတ်များနှင့် မီဒီယာများက လှောင်ပြောင်နေကြခြင်းဖြစ်သည်။ 

ယခုနှစ် ရီယိုကာနီဗယ်ပွဲတော်မှာ ဖေဖော်ဝါရီ(၂၁)တွင် စတင်ခဲ့ပြီး ဖေဖော်ဝါရီ(၂၆)တွင် ပြီးဆုံးမည်ဖြစ်ကြောင်း သိရှိရသည်။

 

Most Read

Most Recent