ပရီးမီးယားလိဂ်ပွဲစဉ် (၂၇) စနေညရဲ့နောက်ဆုံးပွဲမှာတော့ မန်စီးတီးအသင်းက လက်စတာအသင်းကို အဝေးကွင်းမှာ တိုက်စစ်မှူး ဂျေးဇူးရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့အနိုင်ရခဲ့ပါတယ်။
အမှတ်ပေးဇယားဒုတိယနေရာအတွက် အပြိုင်ဖြစ်နေတဲ့ အသင်းနှစ်သင်းရဲ့ အားပြိုင်မှုဖြစ်လို့ စိတ်ဝင်စားစရာကောင်းခဲ့ပြီး ပွဲအပြီးမှာတော့ မန်စီးတီးအသင်းကနိုင်ပွဲနဲ့အတူ လက်စတာအသင်းကို (၇)မှတ်ဖြတ်နိုင်ခဲ့တာပါ။

ကြားရက်မှာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်ကစားဖို့ရှိနေပေမယ့် မန်စီးတီးနည်းပြဂွါဒီယိုလာဟာ အဂွဲရိုး၊ မာရက်ဇ်၊ ရိုဒရီ၊ ဘာနာဒိုဆေးလ်ဗား၊ ဂွန်ဒိုဂန်တို့နဲ့ လူစုံထုတ်ပြီး လက်စတာအသင်းကိုရင်ဆိုင်ခဲ့တာပါ။
လက်စတာအသင်းကလည်း အိမ်ကွင်းမှာ ရလဒ်ကောင်းရယူနိုင်ဖို့အတွက် ဗာဒီ၊ မတ်ဒီဆန်၊ တီလေးမန်းစ်၊ အီဟီယန်နာချို၊ ဘင်ချီဝဲလ်တို့နဲ့ စုဖွဲ့တုံ့ပြန်ခဲ့ပါတယ်။
ပွဲအစပိုင်းတွေမှာ နှစ်သင်းစလုံးအမှားစောင့်ကစားနေတာကြောင့် ပွဲကအထလေးနေခဲ့ပြီး ဘောလုံးကလည်း ကွင်းလယ်မှာပဲအပျက်များနေပါတယ်။

ဒါပေမဲ့ ပွဲချိန်ကြာလာတာနဲ့အမျှ နှစ်သင်းစလုံးဂိုးရဖို့ကြိုးစားလာခဲ့လို့ ပွဲကတဖြည်းဖြည်းအရှိန်မြင့်လာခဲ့ပါတယ်။
အထူးသဖြင့် မန်စီးတီးအသင်းက လျှင်မြန်တဲ့ တိုက်စစ်တွဲလုံးတွေနဲ့ လက်စတာအသင်းကို ဖိအားပေးခဲ့ပြီး လက်စတာအသင်းခံစစ်နဲ့ ဂိုးသမားရှမိုက်ကယ်တို့အကောင်းဆုံးပုံစံရှိနေလို့ ဂိုးစောစောမရခဲ့တာပါ။
လက်စတာအသင်းကလည်း ဗာဒီ၊ မတ်ဒီဆန်၊ တီလေးမန်းစ်တို့ရဲ့ အားနဲ့ မန်စီးတီးအသင်းကို ဒုက္ခပေးခဲ့ပြီး ရရှိတဲ့အခွင့်အရေးတချို့ကို ဗာဒီအသုံးမချနိုင်ခဲ့လို့ ဦးဆောင်ဂိုးနဲ့ဝေးခဲ့တာပါ။
ပထမပိုင်းမှာ ဂိုးမရှိသရေနဲ့ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံးကစားအားမြှင့်လာခဲ့လို့ ပွဲကအကြိတ်အနယ်ပိုရှိလာခဲ့ပါတယ်။

ပွဲချိန် (၆၂)မိနစ်မှာ မန်စီးတီးအသင်း ပယ်နယ်တီရခဲ့ပေမယ့် အဂွဲရိုးရဲ့ကန်ချက်ကို လက်စတာဂိုးသမားရှမိုက်ကယ် ကာကွယ်နိုင်ခဲ့လို့ မန်စီးတီးအသင်း ဦးဆောင်ဂိုးနဲ့လွဲချော်ခဲ့ရပါတယ်။
မန်စီးတီးအသင်းအခွင့်အရေးတွေပိုရခဲ့ပေမယ့် တိုက်စစ်ကစားသမားတွေအသုံးမချနိုင်ခဲ့သလို၊ လက်စတာအသင်းကလည်း မာမာထန်ထန်တုံ့ပြန်ခဲ့လို့ ဦးဆောင်ဂိုးရဖို့ခက်ခဲ့ပါတယ်။
ပွဲရဲ့အလှည့်အပြောင်းက မိနစ် (၈၀)မှာဖြစ်ပေါ်ခဲ့ပြီး အဂွဲရိုးအစားလူစားဝင်လာတဲ့ တိုက်စစ်မှူး ဂျေးဇူးက မာရက်ဇ်ရဲ့ပေးပို့မှုကနေ မန်စီးတီးအသင်းအတွက် အဖိုးတန်အနိုင်ဂိုးကိုသွင်းယူပေးခဲ့ပါတယ်။

က်ကျန်မိနစ်မှာ လက်စတာအသင်းချေပဂိုးရဖို့ကြိုုးစားခဲ့ပေမယ့် မန်စီးတီးအသင်းက အနိုင်ဂိုးကို ထိန်းထိန်းသိမ်းသိမ်းကစားသွားတာကြောင့် (၁-၀)ဂိုးနဲ့ပဲပွဲပြီးဆုံးခဲ့ပါတယ်။
အဆင့် (၄)နေရာက ချယ်လ်ဆီးအသင်းနိုင်ပွဲရခဲ့ချိန်မှာ အိမ်ကွင်းရှုံးပွဲကြုံခဲ့တဲ့က လက်စတာအသင်းအတွက်နစ်နာမှုဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လက်ကျန်ပွဲတွေမှာ အမှားအယွင်းကြီးကြီးမားမားလုပ်လို့မရတဲ့ အခြေအနေဖြစ်သွားခဲ့ပါတယ်။










