ချယ်လ်ဆီးအသင်းအတွက်တော့ တကယ့်ကိုကျေနပ်စရာနိုင်ပွဲပါပဲ။ လန်ဒန်ဒါဘီမှာ နိုင်ပွဲရခဲ့တာ၊ ချန်ပီယံလိဂ်ဝင်ခွင့်ပြိုင်ဘက်ကို အနိုင်ရခဲ့တာ၊ ရလဒ်ဆိုးတွေကြောင့် ဖိအားများနေတဲ့ နည်းပြလမ်းပတ်အတွက် Big Six အသင်းတစ်သင်းကို အနိုင်ရခဲ့တာတွေက အသက်ရှူချောင်စေခဲ့တယ်လို့ပဲပြောရမယ်။
ဒါ့အပြင် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲမကစားမီမှာ အရေးကြီးပွဲတစ်ပွဲကို အနိုင်ရခဲ့တာကြောင့်လည်း စိတ်ပိုင်းဆိုင်ရာယုံကြည်မှုပိုဖြစ်စေပါလိ့မ်မယ်။

ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ လိုက်ပ်ဇစ်ကိုရှုံးနိမ့်လို့ ဖိအားများနေတဲ့ စပါးနည်းပြမော်ရင်ဟိုအတွက်တော့ အခုရှုံးပွဲဟာ စိတ်ပျက်စရာပါ။
အထူးသဖြင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးကြီးနေချိန်မှာ အဓိကပြိုင်ဘက်ကိုရှုံးနိမ့်ခဲ့လို့လည်း ပိုပြီးအထိနာစရာဖြစ်ခဲ့ပါတယ်။
ဒီရာသီအိမ်ကွင်းရလဒ်ဆိုးတွေကြောင့် ဖိအားများနေတဲ့ ချယ်လ်ဆီးနည်းပြလမ်းပတ်ဟာ ဒီနေ့ပွဲကိုတော့ အကောင်းဆုံးပြင်ဆင်လာခဲ့ပြီး ဂျရူး၊ မေဆန်မောင့်၊ ဘာကလေ၊ ကိုဗာချစ်၊ ဂျော်ဂျင်ဟိုတို့နဲ့ ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းကိုစုဖွဲ့ခဲ့တာပါ။

အဓိကတိုက်စစ်မှူး (၂)ဦးဖြစ်တဲ့ ဟာရီကိန်းနဲ့ ဆွန်ဟောင်မင်တို့မပါဝင်နိုင်တဲ့ စပါးအသင်းကတော့ ဘာ့ချ်ဝင်းကို အထောင်ထားကာ ဟာရီဝင့်ခ်၊ ဆယ်လ်ဆို၊ အမ်ဒွန်ဘီလီ၊ မော်ရာတို့နဲ့ စုဖွဲ့ခဲ့ပါတယ်။
တစ်ပွဲလုံးအနေနဲ့ ကြည့်မယ်ဆိုရင် ချယ်လ်ဆီးအသင်းက ပိုကောင်းတဲ့ပုံစံကိုပြနိုင်ခဲ့ပြီး၊ စပါးအသင်းကတော့ ပထမအကျော့တွေ့ဆုံစဉ်ကလိုပဲ ကွင်းလယ်နဲ့ ခံစစ်ပိုင်းမှာ ဟာကွက်တွေများခဲ့ပါတယ်။
ပွဲချိန် (၁၅)မိနစ်မှာပဲ တိုက်စစ်မှူးဂျရူးက လှပတဲ့ကန်ချက်နဲ့အတူ ချယ်လ်ဆီးအသင်းအတွက်အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး၊ အဲဒီနောက်ပိုင်းမှာလည်း ချယ်လ်ဆီးအသင်းကပဲ ပိုကောင်းတဲ့ပုံစံကိုပြနိုင်ခဲ့တာပါ။
ဂျရူးအတွက်ကတော့ ချယ်လ်ဆီးအသင်းအတွက် နောက်ဆုံးပွဲထွက်ကစားခွင့်ရတဲ့ ပြိုင်ပွဲစုံနောက်ဆုံး (၁၄)ပွဲမှာ ဂိုးပါဝင်ပတ်သက်မှု (၁၄)ဂိုးရှိခဲ့ပြီး (၁၀)ဂိုးသွင်း (၄)ဂိုးဖန်တီးပေးနိုင်ခဲ့တာပါ။

ပထမပိုင်းမှာ (၁-၀)ဂိုးနဲ့ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းအစပွဲချိန် (၄၈)မိနစ်မှာပဲ မားကို့စ်အလွန်ဆိုက ချယ်လ်ဆီးအသင်းအတွက် ဒုတိယဦးဆောင်ဂိုးကိုသွင်းယူပေးခဲ့ပါတယ်။
စပါးအသင်းချေပဂိုးအတွက် ကြိုးစားကစားလာပေမယ့် ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ပိုင်းတည်ငြိမ်မှုကို ဖြိုဖျက်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။
(၂-၀)ဂိုးအနေအထားမှာ ချယ်လ်ဆီးအသင်းကို ပွဲကိုလိုသလိုထိန်းချုပ်ကစားသွားခဲ့ပြီး နောက်ထပ်ဂိုးရဖို့နီးစပ်တဲ့အနေအထားရှိခဲ့ပေမယ့် မားကို့စ်အလွန်ဆိုရဲ့ ပြစ်ဒဏ်ဘောကန်ချက် ဘားတန်းထိခဲ့တာ၊ အေဘရာဟမ်၊ မေဆန်မောင့်တို့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့ ဂိုးထပ်မရခဲ့တာပါ။

ပွဲချိန် (၈၉)မိနစ်မှာတော့ လာမယ်လာရဲ့ကန်ချက်ကိုတားဆီးရင်း ရူဒီဂါကိုယ့်ဂိုးကိုယ်သွင်းယူခဲ့မိလို့ စပါးအသင်းချေပဂိုးတစ်ဂိုးရခဲ့ပါတယ်။
လက်ကျန်မိနစ်မှာ စပါးအသင်းနောက်ထပ်ချေပဂိုးရဖို့ကြိုးစားခဲ့ပေမယ့် ချယ်လ်ဆီးအသင်းကအနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့လို့ (၂-၁)ဂိုးနဲ့ပဲပွဲပြီးခဲ့ပါတယ်။
စပါးနည်းပြ မော်ရင်ဟိုအတွက်ကတော့ သူ့ရဲ့တပည့်ဟောင်းလမ်းပတ်နဲ့တွေ့ဆုံတဲ့ ပြိုင်ပွဲစုံ (၃)ပွဲ (ဒါဘီနှင့် ၁ပွဲ၊ ချယ်လ်ဆီးနှင့် ၂ ပွဲ) စလုံးရှုံးနိမ့်ခဲ့တာဖြစ်ပြီး လမ်းပတ်ရဲ့ ချယ်လ်ဆီးအသင်းကတော့ မော်ရင်ဟိုကိုင်တွယ်တဲ့ အသင်းကို လိဂ်ပြိုင်ပွဲမှာ နှစ်ကျော့စလုံးအနိုင်ယူနိုင်တဲ့ ပထမဆုံးအသင်းဖြစ်လာခဲ့ပါတယ်။










