အဝေးကွင်းမှာ အာဆင်နယ်နဲ့ အင်တာမီလန်အနိုင်ရပြီး မန်ယူ သရေကျခဲ့

အဝေးကွင်းမှာ အာဆင်နယ်နဲ့ အင်တာမီလန်အနိုင်ရပြီး မန်ယူ သရေကျခဲ့
Photos: AFP & Daily Mail
Photos: AFP & Daily Mail
Published 21 February 2020

 

ယူရိုပါလိဂ်ရှုံးထွက်(၃၂)သင်းအဆင့်ရဲ့ ပထမအကျော့ပွဲစဉ်တွေမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ မန်ယူ၊ အာဆင်နယ်၊ အင်တာမီလန်၊ ဆီဗီလာ၊ အေဂျက်စ်တို့ အဝေးကွင်းကစားခဲ့ရတဲ့အနက် အာဆင်နယ်နဲ့ အင်တာမီလန်တို့သာ အနိုင်ရခဲ့ပြီး မန်ယူနဲ့ ဆီဗီလာတို့က သရေရလဒ်သာ ရရှိခဲ့သလို၊ အေဂျက်စ်အသင်းကတော့ ရှုံးပွဲတွေ့ခဲ့ပါတယ်။ နောက်တစ်ဆင့်တက်ရောက်ဖို့ သေချာသလောက်ဖြစ်အောင် ခြေစွမ်းပြခဲ့တာကတော့ ဝုလ်ဗ်အသင်းဖြစ်ပြီး အက်စ်ပန်ညိုကို (၄)ဂိုးပြတ်အနိုင်ယူခဲ့တာပါ . . . 

ကျေနပ်ရမယ့် ရလဒ်

ကလပ်ဘရုဂေး ၁-၁ မန်ယူ


ဆိုးလ်ရှားရဲ့ မန်ယူအသင်းအတွက် ကျေနပ်ရမယ့် ရလဒ်လို့ဆိုရမယ်။ ဒီပွဲမှာ မန်ယူအသင်းရဲ့ အထလေးတဲ့ ကစားပုံကို တွေ့ခဲ့ရသလို၊ ပြိုင်ဘက်ကိုလည်း အသာစီးမယူနိုင်ခဲ့ဘူး။ ပြန်လည်ပွဲထွက်ခွင့်ရတဲ့ လင်ဂတ်နဲ့ ပါရဲရားတို့က အမှားများလွန်းပြီး အားကိုးရနိုင်တဲ့ ခြေစွမ်းလည်း မရှိခဲ့ဘူး။ မာတစ်ကတော့ မန်ယူရဲ့ အားထားရာ ကွင်းလယ်လူတစ်ယောက်ပါပဲ။

ကလပ်ဘရုဂေးအသင်းကလည်း မြန်နှုန်းမြင့်ကစားဟန်နဲ့ ဂိုးတွေရဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် အဆုံးသတ်ညံ့ဖျင်းလွန်းပါတယ်။ လူငယ်တိုက်စစ်မှူး ဒန်နစ်က တစ်ဂိုးသွင်းနိုင်ခဲ့ပေမယ့် နုနယ်လွန်းတယ်။ ဒါ့ကြောင့်လည်း အခွင့်အရေးတချို့ကို အသုံးမချနိုင်ခဲ့ဘူး။ မန်ယူကတော့ ဖရက်ဒ်နဲ့ ဘရူနိုဟာနန်ဒက်စ်ဝင်လာပြီးနောက်ပိုင်း ကစားပုံတက်လာခဲ့ပါတယ်။ ဒါပေမဲ့ အနိုင်ရလောက်တဲ့ ခြေစွမ်းမျိုးတော့ မပြနိုင်ခဲ့ပါဘူး။ အဖွင့်ဂိုးကို ကလပ်ဘရုဂေးက စရခဲ့တာဖြစ်ပြီး (၁၅)မိနစ်မှာ ဒန်နစ်က ရိုမဲရိုးရဲ့ ဆုံးဖြတ်ချက်အမှားကို အခွင့်အရေးယူကာ သွင်းယူခဲ့တယ်။ မန်ယူအတွက် ချေပဂိုးကိုတော့ (၃၆)မိနစ်မှာ တိုက်စစ်မှူး မာစီယဲလ်က ပြိုင်ဘက်ရဲ့ ပေါ့ဆမှုကိုအခွင့်အရေးယူပြီး ဂိုးဧရိယာထဲအထိ ဆွဲပြေးသွင်းယူခဲ့ပါတယ်။

ဂိုးစသွင်းတဲ့ အဲရစ်ဆင်

လူဒိုဂိုရတ်စ် ၀-၂ အင်တာမီလန်


အင်တာမီလန်က ဒီထက်ပြတ်သားတဲ့ ရလဒ်နဲ့တောင် အနိုင်ရခဲ့သင့်ပါတယ်။ ဒါပေမဲ့ လူဒိုဂိုရတ်စ်ဂိုးသမား အီလီယပ်စ်လက်စွမ်းပြနိုင်ခဲ့သလို၊ အင်တာတိုက်စစ်ကစားသမားတွေ အဆုံးသတ်အားနည်းမှုတချို့ရှိခဲ့လို့ ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ပဲ အနိုင်ရရှိခဲ့တာပါ။ အင်တာနည်းပြကွန်တီက လူကာကူအပါအဝင် အဓိက ကစားသမားတချို့ကို ပွဲထွက်လူစာရင်းက ချန်လှပ်ခဲ့ပေမယ့် ဆန်းချက်ဇ်၊ မိုဆက်စ်၊ အဲရစ်ဆင်စတဲ့ ပရီးမီးယားလိဂ်ထွက် ကစားသမားတွေကို အသုံးပြုခဲ့တယ်။

ပွဲချိန်ပြည့်နီးပါး ပြိုင်ဘက်ကို ဖိအားပေးနိုင်ခဲ့တယ်။ ဒီနှစ်သင်းက အဆင့်ချင်း တော်တော်ကွာပြီး လူဒိုဂိုရတ်စ်က အင်တာမီလန်ကိုဘယ်လိုမှ မယှဉ်နိုင်ခဲ့ဘူး။ အင်တာမီလန်အတွက် ဂိုးတွေကို (၇၁)မိနစ်မှာအဲရစ်ဆင်၊ (၉၀+၅)မိနစ်မှာ ပယ်နယ်တီကတစ်ဆင့် လူစားဝင်ကစားသမား လူကာကူက သွင်းယူခဲ့တယ်။ အဲရစ်ဆင်ကတော့ အင်တာမီလန်ကစားသမားဘဝ ပထမဆုံးဂိုးသွင်း ယူနိုင်ခဲ့တာဖြစ်ပါတယ်။

ခက်ခဲတဲ့နိုင်ပွဲ

အိုလံပီယာကော့စ် ၀-၁ အာဆင်နယ်


အိမ်ရှင်အိုလံပီယာကော့စ်အသင်းက ပွဲစတာနဲ့ တိုက်စစ်ဆင်ပြီး ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ဆက်တိုက်ပြုလုပ်နိုင်ခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ အာဆင်နယ်အသင်းက ပွဲကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အာတီတာက လာကာဇက်၊ အူဘာမီယန်း၊ ချာကာ၊ လေနိုတို့လို အမာခံကစားသမားတွေကို ထုတ်သုံးပြီး နိုင်ပွဲရဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အိမ်ရှင်အသင်းရဲ့ ခံစစ်ကစားပုံ အမှားနည်းသလို၊ အာဆင်နယ် တိုက်စစ်အချိတ်အဆက်သိပ်မမိတာကြောင့် အာဆင်နယ်အသင်း အခွင့်အရေးအနည်းငယ်သာ ရရှိခဲ့ပါတယ်။

ဒုတိယပိုင်းမှာ အိုလံပီယာကော့စ်အသင်းရဲ့ ကစားပုံပိုကောင်းလာခဲ့ပြီး ဗယ်ဘွေနာက အာဆင်နယ်အသင်းကို အတော်လေးဒုက္ခပေးခဲ့ပါတယ်။ ဒါပေမဲ့ အာဆင်နယ်အသင်း တည်တည်ငြိမ်ငြိမ်နဲ့ တုံ့ပြန်သွားနိုင်ခဲ့ပြီး (၈၁)မိနစ်မှာတော့ ဆာကာရဲ့ပေးပို့ မှုကနေ လာကာဇက်က အနိုင်ဂိုးကို အနီးကပ် ကန်သွင်းယူခဲ့တယ်။ ဆာကာအနေနဲ့ဒီရာသီ ပြိုင်ပွဲစုံမှာ (၈)ကြိမ်မြောက်ဂိုးဖန်တီးခဲ့မှုပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

FACT

ကလပ်ဘရုဂေးဂိုးသမား မစ်ဂနိုလတ်သည် ယူရိုပါလိဂ်ပြိုင်ပွဲတွင် ၂၀၁၅ နောက်ပိုင်း ဂိုးဖန်တီးမှုပြုလုပ်နိုင်သည့် ပထမဆုံးဂိုးသမားဖြစ်လာခဲ့သည်။

ဂျပန်ကစားသမား ကာမာဒါသည် ယူရိုပါလိဂ်တွင် ဟက်ထရစ်သွင်းယူနိုင်သည့် ပထမဆုံး ဖရန့်ဖတ်ကစားသမားဖြစ်လာခဲ့သည်။

အင်တာတိုက်စစ်မှူး လူကာကူသည် ယူရိုပါလိဂ်တွင် (၆)ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့သည်။

အခြားပွဲ ရလဒ်များ

စပို့တင်းလစ္စဘွန်း ၃-၁ ဘာရှက်ဆီဟီ

ဂီတာဖေး ၂-၀ အေဂျက်စ်

FC ကိုပင်ဟေဂင် ၁-၁ ဆဲလ်တစ်

ကလုချ် ၁-၁ ဆီဗီလာ

ဖရန့်ဖတ် ၄-၁ ဆာလ်ဇ်ဘာ့ဂ်

ရှက်တာဒိုးနက် ၂-၁ ဘင်ဖီကာ

ဝုလ်ဗ် ၄-၀ အက်စ်ပန်ညို

လေဗာကူဆင် ၂-၁ ပေါ်တို

အပိုးလ်နီကိုးရှား ၀-၃ ဘေဆယ်

အယ်လ်ခမာ ၁-၁ LASK

ဝုလ်ဖ်ဘတ် ၂-၁ မာလ်မို

ရိုးမား ၁-၀ KAA ဂျန့်

ရိန်းဂျားစ် ၃-၂ စပို့တင်းဘရာဂါ

 

Most Read

Most Recent