ဘိုင်ယန်မြူးနစ်အသင်းသည် အမြဲတမ်းနည်းပြရာထူးအတွက် အသင်းနည်းပြဖြစ်သူ ဟန်ဆီဖလစ်ခ်၏ တောင်းဆိုမှုကို လက်ခံခြင်းမပြုဘဲ ရာသီကုန်အထိ အခြေအနေကို စောင့်ကြည့်နေလိုဆဲဖြစ်သည့်အတွက် ဟန်ဆီဖလစ်ခ်သည် စိတ်ပျက်လျက်ရှိကြောင်း သိရှိရသည်။

အသက်(၅၄)နှစ်အရွယ်ရှိ ယာယီနည်းပြဖြစ်သူ ဟန်ဆီဖလစ်ခ်သည် နီကိုကိုဗက်ရာထူးမှ ထုတ်ပယ်ခံရပြီးနောက် ယာယီနည်းပြအဖြစ် ဆက်ခံခွင့်ရခဲ့သူဖြစ်ပြီး သူ၏လက်ထက်၌ ဘိုင်ယန်မြူးနစ်အသင်းသည် ပိုမိုခြေစွမ်းပြနိုင်ခဲ့သည်။
သူကိုင်တွယ်ခဲ့သည့် ကာလတစ်လျှောက်တွင် ဘိုင်ယန်မြူးနစ်အသင်းသည် ရှုံးပွဲတစ်ပွဲသာတွေ့ခဲ့ပြီး အမှတ်ပေးဇယားတွင်လည်း ထိပ်ဆုံးနေရာကို ပြန်လည်တက်ရောက်နိုင်ခဲ့သည်။

ယင်းအတွက်ကြောင့် ဟန်ဆီဖလစ်ခ်က သူ၏စွမ်းဆောင်ရည်သည် အမြဲတမ်းနည်းပြရာထူးနှင့် ထိုက်တန်သည်ဟု ယုံကြည်နေပြီး ဆွေးနွေးမှုများ ပြုလုပ်ရန်တောင်းဆိုခဲ့သော်လည်း ဘိုင်ယန်မြူးနစ်အသင်းက လက်မခံခဲ့ချေ။
ဘိုင်ယန်မြူးနစ်အသင်းသည် ရာသီကုန်တွင် ထိပ်တန်းနည်းပြတစ်ဦးဦးကို ခန့်အပ်ရန် စဉ်းစားလျက်ရှိပြီး ဟန်ဆီဖလစ်ခ်၏ အနာဂတ်မှာမူ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်မှသာ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံရဖွယ်ရှိကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။

နာမည်ကြီးနည်းပြများ မလုပ်နိုင်ခဲ့သည့်အလုပ်ကို လုပ်နိုင်မှ အမြဲတမ်းနည်းပြခန့်လိုခြင်းမှာ မျှတသည့် လုပ်ရပ်မဟုတ်ဟုလည်း မီဒီယာများက ဝေဖန်နေကြသည်။










