ဆွစ်ဇာလန်ဝါရင့်တင်းနစ်သမား ရော်ဂျာဖက်ဒါရာက ဒူးဒဏ်ရာခွဲစိတ်မှုကြောင့် မေလတွင် စတင်မည့် ပြင်သစ်အိုးပင်းပြိုင်ပွဲ၌ ပါဝင်နိုင်တော့မည်မဟုတ်ကြောင်း အတည်ပြုကြေညာခဲ့သည်။
ဖက်ဒါရာသည် ပြင်သစ်အိုးပင်းပြိုင်ပွဲတွင် ချန်ပီယံဆုကို ၂၀၀၉ ခုနှစ်က တစ်ကြိမ်သာ ရရှိခဲ့ဖူးသလို၊ လာမည့်ပြိုင်ပွဲမှာ နောက်ဆုံး(၅)နှစ်အတွင်း (၄)ကြိမ်မြောက်လွဲချော်မှု ဖြစ်လာမည်ဟုလည်း သိရှိရသည်။
ဖက်ဒါရာက ဆေးအဖွဲ့နှင့် ဆွေးနွေးခဲ့ပြီးနောက် ညာဘက်ဒူးဒဏ်ရာကို ခွဲစိတ်ကုသရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ပြင်သစ်အိုးပင်းအပါအဝင် ပြိုင်ပွဲအချို့ကို လွဲချော်ရမည်ဖြစ်ကြောင်း လူမှုကွန်ရက်မှတစ်ဆင့် ပရိသတ်များကို အသိပေးခဲ့သည်။
အသက်(၃၈)နှစ်ရှိပြီဖြစ်သည့် ဖက်ဒါရာသည် ဒဏ်ရာပြဿနာများနှင့် မကြာခဏရင်ဆိုင်လာရသော်လည်း အနားယူရန် ဆန္ဒမရှိသေးဘဲ အောင်မြင်မှုများ ထပ်မံရယူနိုင်ရန် မျှော်လင့်နေဆဲဖြစ်ကြောင်းလည်း သိရှိရသည်။
ထို့ပြင် ယခု ဒူးဒဏ်ရာခွဲစိတ်မှုကြောင့် အနားယူခဲ့ရသော်လည်း ဝင်ဘယ်ဒန်အိုးပင်းပြိုင်ပွဲ၌ ယှဉ်ပြိုင်ကစားနိုင်လိမ့်မည်ဟု ယုံကြည်နေကြောင်းလည်း သိရှိရသည်။










