ဘရာဇီးလ်လက်ရွေးစင်ဟောင်း ကမ္ဘာကျော်တိုက်စစ်မှူး ရော်နယ်လ်ဒိုက ကစားသမားဘဝက ဘာစီလိုနာအသင်းမှ ထွက်ခွာခဲ့ခြင်းမှာ ဘာစီလိုနာအသင်းက မိမိကို တန်ဖိုးမထားခြင်းကြောင့်ဖြစ်သည်ဟု အင်တာဗျူးအစီအစဉ်တစ်ခုတွင် ပြောကြားခဲ့သည်။
ရော်နယ်လ်ဒိုသည် ဘာစီလိုနာအသင်းတွင် ၁၉၉၆-၉၇ ရာသီက ယှဉ်ပြိုင်ကစားခဲ့ဖူးပြီး ပြိုင်ပွဲစုံ (၄၉)ပွဲကစားကာ (၄၇)ဂိုး သွင်းယူနိုင်ခဲ့သည်။
သို့သော် ယင်းတစ်ရာသီသာ ကစားခဲ့ပြီး အင်တာမီလန်အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
ယင်းအခြေအနေနှင့်ပတ်သက်၍ ရော်နယ်လ်ဒိုက ''၁၉၉၆-၉၇ ရာသီကုန်တော့ စာချုပ်သက်တမ်းတိုးဖို့ ပြောပြီး ဘရာဇီးလ်ကို ကျွန်တော် ပြန်ခဲ့ပါတယ်။ (၅)ရက်လောက်ကြာတော့ စာချုပ်သက်တမ်းတိုးဖို့ မဖြစ်နိုင်တော့ဘူးလို့ သူတို့က ဖုန်းဆက်ပြောပါတယ်။ ကျွန်တော်က ဘာစီလိုနာအသင်းမှာ ဆက်နေချင်ခဲ့တာပါ။ ထွက်ခွာဖို့အကြောင်း ကျွန်တော် ဘယ်တုန်းကမှ မပြောခဲ့ပါဘူး။ သူတို့က ကျွန်တော့်ကို တန်ဖိုးမထားခဲ့ပါဘူး'' ဟုပြောကြားခဲ့သည်။
ထို့ပြင် ရော်နယ်လ်ဒိုက အင်တာမီလန်အသင်းမှ ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းမှာမူ ရီးယဲလ်တွင် ကစားရန် ငယ်စဉ်ကတည်းက အိပ်မက်မက်ခဲ့ဖူးခြင်းကြောင့်ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။
ရော်နယ်လ်ဒိုသည် ဘာစီလိုနာအသင်းနှင့် စပိန်ဘုရင့်ဖလားရယူနိုင်ခဲ့ပြီး ရီးယဲလ်အသင်းနှင့် လာလီဂါချန်ပီယံဆု ရယူနိုင်ခဲ့သူဖြစ်သည်။










