ချယ်လ်ဆီးအသင်းသည် ဘုန်းမောက်အသင်းမှ နယ်သာလန်လက်ရွေးစင် နောက်ခံလူ နာသန်အကီကို ပေါင်သန်း(၄၀)ဖြင့် ပြန်လည်ခေါ်ယူနိုင်သည့် အခွင့်အရေးရှိနေကြောင်း သိရှိရသည်။
ချယ်လ်ဆီးအသင်းသည် နာသလန်အကီကို အသင်းတွင် ပွဲအနည်းငယ်သာ အသုံးပြုခဲ့ဖူးပြီး ရက်ဒင်း၊ ဝက်ဖို့ဒ်၊ ဘုန်းမောက်တို့ထံ အငှားချခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်တွင် ဘုန်းမောက်အသင်းထံ ပေါင်သန်း(၂၀)ဖြင့် ရောင်းထုတ်ခဲ့သည်။
သို့သော် လက်ရှိအချိန်တွင် အသက်(၂၄)နှစ်သာ ရှိသေးသည့် နာသန်အကီကို ဘုန်းမောက်အသင်းထံ ရောင်းချခဲ့စဉ်က စာချုပ်တွင် ပေါင်သန်း(၄၀)ဖြင့် ပြန်လည်ခေါ်ယူနိုင်သည့်အချက် ထည့်သွင်းချုပ်ဆိုခဲ့ကြောင်း သိရှိရသည်။
ဘုန်းမောက်အသင်း၏ အဓိကကစားသမားတစ်ဦးအဖြစ် ရပ်တည်နေသော နာသန်အကီကို လက်ရှိအချိန်တွင် ချယ်လ်ဆီးအသင်းက ပြန်လည်ခေါ်ယူရန် ဆန္ဒရှိနေပြီး လာမည့်နွေရာသီတွင် ကမ်းလှမ်းသွားဖွယ်ရှိနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။
နာသန်အကီသည် အသက်(၁၅)နှစ်အရွယ်ကတည်းက ချယ်လ်ဆီးလူငယ်အသင်းသို့ ရောက်ရှိခဲ့သူဖြစ်ပြီး အသက်(၁၇)နှစ်အရွယ်တွင် ချယ်လ်ဆီးအသင်းနှင့် ပရီးမီးယားလိဂ်ပွဲဦးထွက်ခွင့်ရရှိခဲ့သူဖြစ်သည်။
နာသန်အကီသည် ခံစစ်အတွင်းလူအဖြစ် ရော ဘယ်နောက်ခံလူအဖြစ်ပါ ကစားနိုင်သည့်အပြင် ကွင်းလယ်ခံစစ်ကစားသမားအဖြစ်လည်း ကစားနိုင်သောကြောင့် ချယ်လ်ဆီးအသင်းက ပြန်လည်ခေါ်ယူရန် ဆန္ဒရှိနေခြင်းဖြစ်သည်ဟု သိရှိရသည်။










