မီလန်ဒါဘီပွဲတွင် ကွင်းဝင်ကြေး ယူရို ၅ ဒသမ ၅ သန်းရရှိပြီး ပြိုင်ပွဲသမိုင်း၌ စတုတ္ထအများဆုံးရရှိခြင်းဖြစ်

မီလန်ဒါဘီပွဲတွင် ကွင်းဝင်ကြေး ယူရို ၅ ဒသမ ၅ သန်းရရှိပြီး ပြိုင်ပွဲသမိုင်း၌ စတုတ္ထအများဆုံးရရှိခြင်းဖြစ်
Photos: Inter Twitter
Photos: Inter Twitter
Published 11 February 2020

 

ဖေဖော်ဝါရီ ၉ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားသည့် မီလန်ဒါဘီပွဲစဉ်တွင် ကွင်းဝင်ကြေး ယူရို ၅ ဒသမ ၅ သန်းရရှိခဲ့ပြီး ယင်းပမာဏမှာ စီးရီးအေပြိုင်ပွဲသမိုင်းတစ်လျှောက် စတုတ္ထမြောက်ဝင်ကြေးအများဆုံးရရှိသည့် ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ယင်းပွဲမှာ မီလန်မြို့ခံပြိုင်ဘက်နှစ်သင်း၏ ယခုရာသီ ဒုတိယအကျော့ပွဲစဉ်ဖြစ်ပြီး အင်တာမီလန်အသင်းက အိမ်ရှင်အဖြစ် လက်ခံကစားခဲ့သည်။ 

Giuseppe Meazza ကွင်းမှာ ပရိသတ် ၈၀,၀၀၀ ကျော်ဝင်ဆံ့ပြီး ယခုပွဲတွင် ပရိသတ် ၇၅,၀၀၀ ဝန်းကျင် လာရောက်ကြည့်ရှုခဲ့သောကြောင့် ကွင်းဝင်ကြေး ယူရို ၅ ဒသမ ၅ သန်းရရှိခဲ့ခြင်းဖြစ်သည်။ 

ယင်းပမာဏမှာ စီးရီးအေပြိုင်ပွဲသမိုင်းတစ် လျှောက် စတုတ္ထမြောက် ကွင်းဝင်ကြေးအများဆုံးနှင့် အီတလီဘောလုံးသမိုင်းတွင် သတ္တမ မြောက် ကွင်းဝင်ကြေးအများဆုံးပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း Football Italia သတင်းဌာနက ဖော်ပြသည်။ 

စီးရီးအေပြိုင်ပွဲသမိုင်းတွင် ကွင်းဝင်ကြေးအများဆုံးရရှိသည့်ပွဲမှာ ယခုရာသီ အင်တာမီလန်-ဂျူဗင်တပ်စ် ပွဲစဉ်ဖြစ်ပြီး ယူရို ၆ ဒသမ ၆ သန်းအထိရရှိခဲ့သည်။ 

၂၀၁၈-၂၀၁၉ ရာသီ မီလန်ဒါဘီပွဲစဉ် ဖြစ်သည့် အေစီမီလန်-အင်တာမီလန်ပွဲက ယူရို ၅ ဒသမ ၈ သန်းဖြင့် ဒုတိယ၊ ၂၀၁၈- ၂၀၁၉ ရာသီ အင်တာမီလန်-ဂျူဗင်တပ်စ်ပွဲ က ယူရို ၅ ဒသမ ၅၉ သန်းဖြင့် တတိယနှင့် ယခုမီလန်ဒါဘီပွဲက စတုတ္ထနေရာ ရပ်တည် နိုင်ခဲ့ခြင်းဖြစ်သည်။ 

ထို့ပြင် ၂၀၁၇-၂၀၁၈ ရာသီ အင်တာမီလန်-ဂျူဗင်တပ်စ်ပွဲစဉ်က ယူရို ၅ ဒသမ ၂ သန်းဖြင့် ပဥ္စမနေရာရပ်တည်လျက်ရှိရာ အင်တာမီလန်အသင်းအနေဖြင့် ကွင်းဝင်ကြေးအများဆုံး ထိပ်ဆုံးငါးပွဲစလုံးတွင် ပါဝင်နေခြင်းဖြစ်သည်။ 

ယခုရာသီ စီးရီးအေပြိုင်ပွဲ၌ အင်တာမီလန်အသင်း၏ တစ်ပွဲ ပျမ်းမျှပရိသတ်အရေအတွက်မှာ ၆၄,၈၈၉ ဦးရှိပြီး ဥရောပလိဂ်ပြိုင်ပွဲများအနက် ပရိသတ်ကြည့်ရှုမှုအများဆုံးစာရင်းတွင် ပါဝင်နေကြောင်း သိရသည်။

- ဝင်ကြေးအများဆုံး စီးရီးအေပွဲစဉ်များ

ရာသီ        ပွဲစဉ်            ဝင်ငွေ

၂၀၁၉-၂၀        အင်တာမီလန်-ဂျူဗင်တပ်စ်    ၆.၆ သန်း

၂၀၁၈-၁၉        အေစီမီလန်-အင်တာမီလန်    ၅.၈ သန်း

၂၀၁၈-၁၉        အင်တာမီလန်-ဂျူဗင်တပ်စ်    ၅.၅၉ သန်း

၂၀၁၉-၂၀        အင်တာမီလန်-အေစီမီလန်    ၅.၅ သန်း

၂၀၁၇-၁၈        အင်တာမီလန်-ဂျူဗင်တပ်စ်    ၅.၂ သန်း

 

Most Read

Most Recent