ဂျူဗင်တပ်စ်အသင်းသည် နည်းပြ ဆာရီကို ရာထူးမှ ထုတ်ပယ်ပြီး အယ်လီဂရီကို ပြန်လည်ခန့်အပ်ရန် စီစဉ်နေပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။

ဆာရီသည် ပြီးခဲ့သည့်နွေရာသီကမှ ဂျူဗင်တပ်စ်နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်ပြီး စီးရီးအေချန်ပီယံဆုကို (၈)ရာသီဆက်တိုက် ရရှိထားသည့် ဂျူဗင်တပ်စ်အသင်းမှာ ၎င်း၏ လက်ထက်တွင် ချန်ပီယံဆုကို ကာကွယ်နိုင်ရန် မလွယ်ကူတော့သည့် အခြေအနေမျိုးဖြစ်လာခဲ့သည်။

ဆာရီ၏ ဦးဆောင်မှုအောက်တွင် ဂျူဗင်တပ်စ်အသင်းသည် တိုးတက်မှုရှိမလာသည့်အပြင် အမှတ်လျော့မှုများ များပြားလာသည့်အတွက် အသင်းတာဝန်ရှိသူများက စိတ်ပျက်နေပြီး ယခုတစ်ပတ် ဗီရိုနာအသင်းကို ရှုံးနိမ့်အပြီးတွင်မူ အပြောင်းအလဲပြုလုပ်ရန် စီစဉ်နေပြီဟု သတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းကို စီးရီးအေချန်ပီယံဆု မလွတ်တမ်းရယူပေးနိုင်ခဲ့သည့် နည်းပြဟောင်း အယ်လီဂရီသည် လက်ရှိအချိန်တွင် အသင်းလက်မဲ့ဖြစ်နေသောကြောင့် ၎င်းအား ပြန်လည်ကမ်းလှမ်းရန် ဂျူဗင်တပ်စ်အသင်းတာဝန်ရှိသူများက စီစဉ်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။
သို့သော် အီတလီမီဒီယာအချို့ကမူ ဂျူဗင်တပ်စ်အသင်းသည် ဆာရီကို ချန်ပီယံလိဂ်၌ အောင်မြင်မှုရယူနိုင်ရန် ရည်ရွယ်ခန့်အပ်ခဲ့ခြင်းဖြစ်၍ ချန်ပီယံလိဂ်ပြိုင်ပွဲကို စောင့်ကြည့်သွား ဖွယ်ရှိနေကြောင်း သုံးသပ်ခဲ့သည်။










