၂၀၁၆ ရီယိုအိုလံပစ်ပြိုင်ပွဲတွင် ဗိုလ်စွဲထားသည့် ဘရာဇီးလ်ဘောလုံးအသင်းသည် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။
တိုကျိုအိုလံပစ် ယှဉ်ပြိုင်ခွင့်အတွက် ကျင်းပပြုလုပ်ခဲ့သော တောင်အမေရိကဇုန်ခြေစစ်ပွဲမှာ ဖေဖော်ဝါရီ(၉)ရက်နေ့က ပြီးဆုံးခဲ့ပြီး ဘရာဇီးလ်အသင်းက အာဂျင်တီးနားနှင့်အတူ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။
တောင်အမေရိကဇုန် ခြေစစ်ပွဲပုံစံအရ နောက်ဆုံးအုပ်စုအဆင့်သို့ တက်ရောက်လာသည့် အသင်း(၄)သင်း ပတ်လည်ယှဉ်ပြိုင်ကစားရပြီး ထိပ်ဆုံးရပ်တည်မှုရ(၂)သင်း ခြေစစ်ပွဲအောင်မြင်ခြင်းဖြစ်သည်။
အာဂျင်တီးနားအသင်းသည် အဖွင့်ပွဲစဉ်(၂)ပွဲစလုံး အနိုင်ရခဲ့သည့်အတွက် နောက်ဆုံးပွဲမကစားမီမှာပင် ခြေစစ်ပွဲအောင်မြင်နေခဲ့သည်။
ဘရာဇီးလ်အသင်းမှာမူ ဥရုဂွေး၊ ကိုလံဘီယာတို့နှင့် အပြိုင်လုခဲ့ရပြီး နောက်ဆုံးပွဲတွင် အာဂျင်တီးနားအသင်းကို (၃-၀)ဂိုးဖြင့် အနိုင်ရခဲ့သည့်အတွက် ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။
၂၀၂၀ တိုကျိုအိုလံပစ် အမျိုးသားဘောလုံးပြိုင်ပွဲတွင် အသင်း(၁၆)သင်း ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ကွန်ကာကပ်ဖ်ဇုန်မှ အသင်း(၂)သင်းသာ အဖြေပေါ်ရန် ကျန်ရှိတော့ကြောင်း သိရှိရသည်။
၂၀၂၀ အိုလံပစ်အမျိုးသားဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရအသင်းများ
ဂျပန်(အိမ်ရှင်)
ပြင်သစ်
ဂျာမနီ
ရိုမေးနီးယား
စပိန်
နယူးဇီလန်
အီဂျစ်
အိုင်ဗရီကို့စ်
တောင်အာဖရိက
သြစတြေးလျ
ဆော်ဒီအာရေဗျ
တောင်ကိုရီးယား
အာဂျင်တီးနား
ဘရာဇီးလ်










