စပါးအသင်း၏ နည်းပြ မော်ရင်ဟိုသည် ကစားသမားများကို ဆောင်းရာသီအနားပေးထားသော်လည်း ကိုယ်တိုင် အနားယူခြင်းမရှိဘဲ ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်တွင် ရင်ဆိုင်ရမည့် ပြိုင်ဘက် လိုက်ပ်ဇစ်အသင်းအား ကြိုတင်လေ့လာမှုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မော်ရင်ဟိုသည် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့သည့် ဘိုင်ယန်မြူးနစ်-လိုက်ပ်ဇစ်ပွဲကို ဂျာမနီသို့ သွားရောက်ကြည့်ရှုခဲ့ခြင်းဖြစ်သည်။
ဘိုင်ယန်မြူးနစ်ကွင်းအတွင်း မော်ရင်ဟို လာရောက်ကြည့်ရှုနေသည်ကို မီဒီယာများက အမိအရ မှတ်တမ်းတင်ခဲ့ကြသလို၊ မုန်တိုင်းကြောင့် ရာသီဥတု ဆိုးရွားနေစဉ်မှာပင် အရောက်သွားခဲ့သည့်အတွက်လည်း ချီးကျူးဖော်ပြခဲ့ကြသည်။
ရုပ်သံမှ ကြည့်ရှု၍ရသော်လည်း ကွင်းထဲသို့ အရောက်သွားပြီး ကြည့်ရှုခဲ့ခြင်းအပေါ် မော်ရင်ဟိုက ''ဒါ အလွန်အရေးကြီးပါတယ်။ ကွင်းထဲမှာက အသေးစိတ်အချက်အလက်တွေ မြင်တွေ့ရနိုုင်ပါတယ်။ သွေးပူလေ့ကျင့်ခန်း လုပ်နေတာကအစပေါ့။ ရုပ်သံက ကျွန်တော့်ကို အဲဒါတွေ မပေးနိုင်ပါဘူး။ ပွဲကစားနေစဉ်မှာ မမြင်ရတဲ့ ကစားသမားတွေရဲ့ အစွမ်းအစတချို့ကိုလည်း ဒီလို လေ့ကျင့်ချိန်မှာ မြင်တွေ့ရနိုင်ပါတယ်။ ဒါကြောင့် ဒီအခွင့်အရေးကို ကျွန်တော် လက်လွတ်မခံနိုင်ပါဘူး'' ဟု ပြောကြားခဲ့သည်။
ထို့ပြင် မော်ရင်ဟိုက အားလပ်ရက် အနားမယူခြင်းနှင့် ပတ်သက်၍လည်း ''ကစားသမားတွေအတွက် အားလပ်ရက် သတ်မှတ်ပေးဖို့ လိုအပ်ပါတယ်။ သူတို့ရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း နှစ်မျိုးစလုံးကို အနားပေးဖို့ လိုပါတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ မလိုပါဘူး'' ဟုပြောကြားခဲ့သည်။
စပါးအသင်းသည် ဖေဖော်ဝါရီ(၁၉)ရက်နေ့တွင် လိုက်ပ်ဇစ်အသင်းနှင့် ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။










