စပါးအသင်း၏ ကွင်းလယ်ကစားသမား အယ်လီသည် လူမှုကွန်ရက်တွင် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး လှောင်ပြောင်ခဲ့မိခြင်းအတွက် ပြန်လည်တောင်းပန်ခဲ့ကြောင်း သိရှိရသည်။
အယ်လီသည် Snapchat တွင် ဗီဒီယိုဖိုင်တစ်ခု တင်ခဲ့ရာ၌ ကိုယ်တိုင် Mask တပ်ဆင်ထားသည်ကို ပြသခဲ့သလို အာရှသားတစ်ဦးကိုလည်း ရိုက်ကူးပြသခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်မည်ကို ကြောက်ရွံ့သည့်သဘော ဟာသလုပ်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ဝေဖန်ပြစ်တင်မှုများစွာ ရှိလာခဲ့သည့်အတွက် အယ်လီက အဆိုပါဗီဒီယိုဖိုင်ကို ပြန်လည်ဖြုတ်ချခဲ့သလို တရုတ်လူမှုကွန်ရက် Weibo မှတစ်ဆင့် ပြန်လည်တောင်းပန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါတောင်းပန်သည့် ဗီဒီယိုဖိုင်တွင် အယ်လီက မိမိအနေဖြင့် ဟာသမလုပ်သင့်ကြောင်း သတိပြုမိချိန်တွင် ဗီဒီယိုဖိုင်ကို ချက်ချင်းဖြုတ်ချခဲ့ကြောင်း၊ မိမိအနေဖြင့် ယခုလို မပြုလုပ်ခဲ့သင့်ကြောင်း၊ တရုတ်နိုင်ငံမှ လူတိုင်းအတွက် ဆုတောင်းပေးနေပါကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံမှတစ်ဆင့် ကမ္ဘာတစ်လွှားသို့ ခြိမ်းခြောက်နေသည့် အဆိုပါ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူပေါင်း(၄၀၀၀၀)ကျော် ကူးစက်ခံနေရပြီး တရုတ်နိုင်ငံတွင် သေဆုံးသူ (၉၀၀)ကျော်ရှိနေပြီဖြစ်ကြောင်းလည်း သိရှိရသည်။










