ဘိုင်ယန်မြူးနစ်အသင်းတွင် ရုန်းကန်နေရသည့် ကော်တင်ဟိုအား ယူရိုသန်း (၈၀) ရလျှင် ဘာစီလိုနာအသင်း ရောင်းချဖွယ်ရှိ

ဘိုင်ယန်မြူးနစ်အသင်းတွင် ရုန်းကန်နေရသည့် ကော်တင်ဟိုအား ယူရိုသန်း (၈၀) ရလျှင် ဘာစီလိုနာအသင်း ရောင်းချဖွယ်ရှိ
Published 10 February 2020

ဘာစီလိုနာအသင်းသည် ဘိုင်ယန်မြူးနစ်အသင်းတွင် တစ်ရာသီအငှားဖြင့် သွားရောက်ကစားနေသည့် ဘရာဇီးလ်ကွင်းလယ်လူ ကော်တင်ဟိုအား ယူရိုသန်း (၈၀)ရလျှင် ရောင်းချဖွယ်ရှိနေကြောင်း စပိန်အားကစားသတင်းစာ Mundo Deportivo က ဖော်ပြခဲ့သည်။

အသက် (၂၇)နှစ်အရွယ်ရှိ ဘရာဇီးလ်ကွင်းလယ် လူ ကော်တင်ဟိုသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် လီဗာပူးလ်အသင်းမှ ဘာစီလိုနာအသင်းသို့ ယူရိုသန်း (၁၆၀) (Add-ons ကြေးများကို ထည့် ပေါင်းထားခြင်းဖြစ်သည်)ဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။

ကော်တင်ဟိုသည် ဘာစီလိုနာအသင်းတွင် ကစားခဲ့သည့် တစ်ရာသီခွဲကာလအတွင်း ပုံမှန်ခြေစွမ်းပြနိုင်ခဲ့ခြင်း မရှိသဖြင့် အသင်းပရိသတ်များ၏ လှောင်ပြောင်မှုများကို ခံခဲ့ရသည်။

ထို့ကြောင့် ဘာစီလိုနာအသင်းသည်  ၂၀၁၉ ခုနှစ်၊ နွေရာသီအပြောင်းအရွှေ့ကာလတွင် ကော်တင်ဟိုအား ဘိုင်ယန်မြူးနစ်အသင်းထံသို့ တစ်ရာသီအငှားချခဲ့ သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ကော်တင်ဟိုအား အငှားစာချုပ်ဖြင့်ခေါ်ယူရာတွင် ယူရိုသန်း (၁၂၀)ဖြင့် အ ပြီးသတ်ခေါ်ယူခွင့်ရှိသည်ဆိုသောအချက်ကို ထည့်သွင်း ချုပ်ဆိုခဲ့ကြောင်း သိရသည်။

သို့သော် ကော်တင်ဟိုသည် ဘိုင်ယန်မြူးနစ်အသင်း၌ ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ နည်းပြသစ် ဖလစ်ခ်လက်ထက်တွင် ပုံမှန်ပွဲထွက်ခွင့်ရရန်ပင် ရုန်းကန်နေရသည်။

ထို့ကြောင့် ဘိုင်ယန်မြူးနစ်အသင်းသည် ကော်တင်ဟိုအား ဝယ်ယူမည့်အစီအစဉ်ကို လက်လျှော့လိုက်ပြီဖြစ်ကြောင်း ဂျာမန်မီဒီယာများက ဖော်ပြခဲ့သည်။

ထို့အတူ ဘာစီလိုနာအသင်းကလည်း ကော်တင်ဟိုကို ပြန်လည် ခေါ်ယူလိုခြင်းမရှိဘဲ လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ယူရိုသန်း (၈၀)ဖြင့် ကမ်းလှမ်းလာသည့် အ သင်းများရှိလျှင်ပင် ရောင်းချဖွယ်ရှိနေကြောင်း Mundo Deportivo က ဖော်ပြခဲ့သည်။

ကော်တင်ဟိုသည် ယင်းအခြေအနေများကို စိတ်ပျက်နေပြီး လာမည့်နွေရာသီအပြောင်းအရွှေ့ကာလ တွင် အသင်းပြောင်းရွှေ့ရန်အတွက် ၎င်း၏အေးဂျင့်ဖြစ်သူအား အသင်းသစ် ရှာဖွေခိုင်းထားကြောင်း Mundo Deportivo က ဖော်ပြခဲ့သည်။

ကော်တင်ဟို၏ အေးဂျင့့်ဖြစ်သူသည် PSG နှင့် ဂျူဗင်တပ်စ်အသင်းများကို ချိတ်ဆက်လျက်ရှိနေပြီး ကော်တင်ဟိုအား ခေါ်ယူရန် ကမ်းလှမ်းမှုများ ပြုလုပ်ဖွယ်ရှိနေကြောင်း သိရသည်။

 

Most Read

Most Recent