ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီသည် တစ်လလျှင် ယူရို(၈.၃)သန်းအထိရရှိနေပြီး စီရော်နယ်လ်ဒိုက တစ်လလျှင် ယူရို(၄.၅)သန်းဖြင့် ဒုတိယအများဆုံးရရှိနေသည်။
ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားနှစ်ဦးဖြစ်သည့် မက်ဆီနှင့် စီရော်နယ်လ်ဒို၏ ကွင်းတွင်းအောင်မြင်မှုမှာ ခြားနားချက်များစွာမရှိသော်လည်း လစာနှုန်းထားမှာမူ နှစ်ဆ နီးပါးကွာဟနေကြောင်း ပြင်သစ်နိုင်ငံထုတ် L'Equippe သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

L'Equippe သတင်းစာက ကမ္ဘာတစ်ဝန်း လစာအများဆုံးရရှိနေသည့် ကစားသမားနှင့် နည်းပြစာရင်းကို ဖေဖော်ဝါရီ ၇ ရက်တွင် ဖော်ပြခဲ့ခြင်းဖြစ်ပြီး ကစားသမားများအနက် မက်ဆီက ထိပ်ဆုံးနေရာတွင် ရပ်တည်နေကြောင်း သိရသည်။
ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီသည် တစ်လလျှင် ယူရို(၈.၃)သန်းအထိရရှိနေပြီး လက်ရှိစာချုပ်မှာ ၂၀၂၁ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။

ဘာစီလိုနာအသင်းက ၎င်းနှင့် စာချုပ်သစ်ချုပ်ဆိုနိုင်ရန် ကြိုးပမ်းလျက်ရှိပြီး သဘောတူညီမှုရရှိပါက လစာနှုန်းထားမှာ ယခုထက်ပိုမြင့်တက်လာနိုင်ကြောင်း ခန့်မှန်း မှုများလည်းရှိနေသည်။
ပြီးခဲ့သည့်ရာသီတွင် ရီးယဲလ်အသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သည့် စီရော်နယ်လ်ဒိုက တစ်လလျှင် ယူရို(၄.၅)သန်းဖြင့် ဒုတိယအများဆုံးရရှိနေပြီး ကမ္ဘာ့ပြောင်းရွှေ့ကြေးအမြင့်ဆုံးအဖြစ် စံချိန်တင်ထားသည့် PSG အသင်းတိုက်စစ်မှူး နေမာက (၃)သန်းဖြင့် တတိယနေရာ ရပ်တည်လျက်ရှိသည်။

၎င်း၏နောက်တွင် ဘာစီလိုနာအသင်းတိုက်စစ်မှူး ဂရီးဇ်မန်းနှင့် ဆွာရက်ဇ်က (၃)သန်းအောက်စီဖြင့် ပူးတွဲရပ်တည်နေပြီး ရီးယဲလ်အသင်းတောင်ပံကစားသမား ဘေးလ်နှင့် ဟာဇက်ကလည်း (၂.၅)သန်းစီရရှိနေသည်။

ပရီးမီးယားလိဂ်တွင် လစာအများဆုံးအဖြစ် မန်ယူအသင်းဂိုးသမား ဒီဟေးယားက ယူရို (၁.၇၆) သန်း၊ ဘွန်ဒစ်လီဂါတွင် လစာအများဆုံးအဖြစ် ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး လီဝန်ဒေါစကီးနှင့် ကွင်းလယ်လူ ကော်တင်ဟိုက ယူရို(၁.၆၆)သန်းစီ ရရှိနေသည်။










