လက်ရှိအချိန်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)သည် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်အား အရေးပေါ်အဆင့်အဖြစ် တိုးမြှင့်သတ်မှတ်လိုက်ပြီဖြစ်ရာ ဗြိတိန်လူဝင်မှုကြီးကြပ်ရေးအဖွဲ့အနေဖြင့် တရုတ်နိုင်ငံနှင့် ထိတွေ့မှုရှိထားသော အီဂါလိုကို မူလက ပြည်ဝင်ခွင့်ပေးခဲ့သော်လည်း ယခုအကြိမ်တွင် ပြည်ဝင်ခွင့်ပေး၊ မပေးဆိုသည်မှာ မသေချာပေ။
မန်ယူတိုက်စစ်မှူးသစ် အီဂါလိုသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဗြိတိန်တွင်းသို့ ပြန်ဝင်ရောက်ခွင့်မပေးမည်ကို စိုးရိမ်၍ မန်ယူအသင်း၏ လေ့ကျင့်ရေးခရီးသို့ လိုက်သွားမည်မဟုတ်ကြောင်း သိရသည်။
ဇန်နဝါရီအပြောင်းအရွှေ့နောက်ဆုံးရက်တွင် မန်ယူအသင်းသို့ ရှန်ဟိုင်းရှန်ဟွာအသင်းမှ ရာသီဝက်အငှားဖြင့် ပြောင်းရွှေ့လာသော အီဂါလိုသည် ပြီးခဲ့သည့်ရက်သတ္တပတ်အကုန်က တရုတ်နိုင်ငံမှ မန်ချက်စတာမြို့သို့ လာရောက်ခဲ့သည်။

မန်ယူအသင်းသည် အလှည့်ကျဆောင်းရာသီနားရက်အတွင်း စပိန်နိုင်ငံ၌ လေ့ကျင့်ရေးအစီအစဉ်များ ဆောင်ရွက်သွားမည်ဖြစ်သည်။
လက်ရှိအချိန်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)သည် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်အား အရေးပေါ်အဆင့်အဖြစ် တိုးမြှင့်သတ်မှတ်လိုက်ပြီဖြစ်ရာ ဗြိတိန်လူဝင်မှုကြီးကြပ်ရေးအဖွဲ့အနေဖြင့် ပြည်ဝင်ခွင့်တွင် တင်းကျပ်စွာ ကိုင်တွယ်လာတော့မည်ဖြစ်သည်။

သို့ဖြစ်ရာ ဗြိတိန်တာဝန်ရှိသူများအနေဖြင့် တရုတ်နိုင်ငံနှင့် ထိတွေ့မှုရှိထားသော အီဂါလိုကို မူလက ပြည်ဝင်ခွင့်ပေးခဲ့သော်လည်း ယခုအကြိမ်တွင် ပြည်ဝင်ခွင့်ပေး၊ မပေးဆိုသည်မှာ မသေချာပေ။
ထို့ကြောင့် အီဂါလိုအား စပိန်ခရီးစဉ်သို့ ခေါ်ဆောင်မသွားရန် မန်ယူအသင်းတာဝန်ရှိသူများက ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

မန်ယူနည်းပြ ဆိုးလ်ရှားက "အိုဒီယန်(အီဂါလို)က မန်ချက်စတာမှာ နေခဲ့မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူက လွန်ခဲ့တဲ့(၁၄)ရက်အတွင်းမှာ တရုတ်နိုင်ငံကနေ ဝင်ရောက်လာတာကြောင့်ဖြစ်ပါတယ်။ လက်ရှိတရုတ်နိုင်ငံရဲ့အခြေအနေတွေကြောင့် သူ ဒီတိုင်းပြည်အပြင်ဘက်ကို ထွက်ပြီးရင် ပြန်ဝင်လို့ ရ၊ မရဆိုတာ မသေချာပါဘူး။ ဒါကြောင့် သူဒီမှာပဲ ဆက်နေပြီး သီးသန့်နည်းပြနဲ့ တစ်ဦးချင်းလေ့ကျင့်ရေးအစီအစဉ်တွေကို ပြုလုပ်သွားမှာပဲဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။
ယခုကဲ့သို့ အီဂါလို အသင်း၏ လေ့ကျင့်ရေးအစီအစဉ်တွင် မပူးပေါင်းနိုင်ခြင်းမှာ ၎င်းအား ရေတိုအစားထိုးမှုအနေဖြင့် ချက်ချင်းလက်ငင်းအသုံးပြုလိုသည့် မန်ယူအသင်းအတွက် ကသိကအောက်ဖြစ်စရာကိစ္စတစ်ခုဖြစ်လာခဲ့ကြောင်း ဗြိတိန်သတင်းစာ The Sun က ဖော်ပြခဲ့သည်။










