ဘာစီလိုနာအသင်းသည် ပြင်သစ်တိုက်စစ်ကစားသမား ဒမ်ဘီလီ၏ တံကောက်ကြောဒဏ်ရာကို ဖင်လန်နိုင်ငံတွင် ခွဲစိတ်ကုသသွားမည်ဟု အတည်ပြုကြေညာခဲ့သည်။
ဒမ်ဘီလီသည် ဘာစီလိုနာအသင်းသို့ ရောက်ရှိကတည်းက ဒဏ်ရာပြဿနာများနှင့် မကြာခဏရင်ဆိုင်နေရသူဖြစ်ပြီး ယခုရာသီတွင်လည်း နိုဝင်ဘာလကတည်းက အနားယူနေခဲ့ရသည်။
ပြီးခဲ့သည့် တနင်္လာနေ့က လေ့ကျင့်မှုပြန်လုပ်ခဲ့သော်လည်း တံကောက်ကြောတွင် ဒဏ်ရာထပ်ရခဲ့ပြီး ခွဲစိတ်ကုသမှုခံယူရမည့်အခြေအနေ ဖြစ်လာခဲ့ခြင်းဖြစ်သည်။
ဘာစီလိုနာအသင်းက ဖင်လန်နိုင်ငံတွင် ဖေဖော်ဝါရီ(၁၁)ရက်နေ့၌ ခွဲစိတ်ကုသရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
ဘာစီလိုနာအသင်းက ''ဒမ်ဘီလီရဲ့ ညာဘက်တံကောက်ကြောဒဏ်ရာကို ဖင်လန်နိုင်ငံ၊ တာကူမြို့မှာ ဖေဖော်ဝါရီ(၁၁)ရက်နေ့ကျရင် ခွဲစိတ်ကုသသွားမှာပါ။ အနားယူရမယ့်ကာလကိုတော့ ခွဲစိတ်ကုသမှု ပြုလုပ်ပြီးမှ သိရှိရမှာပါ '' ဟု ကြေညာခဲ့သည်။
သို့သော် စပိန်မီဒီယာများကမူ ဒမ်ဘီလီသည် ယခုရာသီအတွင်း ပြန်ကစားနိုင်ဖွယ်မရှိတော့ဟု ခန့်မှန်းနေကြသည်။










