ဒေါ့မွန်အသင်း၏ အားကစားဒါရိုက်တာ မိုက်ကယ်ဇော့က မိမိတို့ ဒေါ့မွန်အသင်းအနေဖြင့် မန်ယူကိုကျော်ဖြတ်၍ လူငယ်တိုက်စစ်မှူး ဟာလန်းအား ခေါ်ယူနိုင်ခဲ့ရာတွင် ဗီဒီယိုတစ်ခုက အကူအညီပေးခဲ့ကြောင်း ဂျာမန်သတင်းစာ Bild သို့ ပြောကြားခဲ့သည်။

ဟာလန်းသည် ယခုနှစ်ဆောင်းရာသီအပြောင်းအရွှေ့တွင် ဆာလ်ဇ်ဘာ့ဂ်အသင်းမှ ဒေါ့မွန်အသင်းထံ ပြောင်းရွှေ့ကြေး ယူရိုသန်း(၂၀)ဖြင့် ရောက်ရှိလာသူဖြစ်သည်။
ဆာလ်ဇ်ဘာ့ဂ်တွင် ခြေစွမ်းပြနေသော ဟာလန်းအား ဥရောပထိပ်တန်းအသင်းကြီးများစွာက ပစ်မှတ်ထားကြိုးစားခဲ့သော်လည်း ဒေါ့မွန်အသင်းက လက်ဦးမှု ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ခေါ်ယူနိုင်ခဲ့ရာတွင် ကစားသမားအား ဆွဲဆောင်နိုင်ခဲ့ခြင်းက အဓိကကျခဲ့ပြီး ဟာလန်းကို ဗီဒီယိုတစ်ခုဖြင့် စိတ်လှုပ်ရှားအောင် ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း မိုက်ကယ်ဇော့က ဖွင့်ဟခဲ့သည်။

မိုက်ကယ်ဇော့က "ဟာလန်းကို ခေါ်ရတာ အရမ်းခက်ခဲပါတယ်။ သူ့ကို ကျွန်တော်တို့အသင်းရဲ့ နာမည်ကျော် Yellow Wall က ပရိသတ်တွေရဲ့ အားပေးမှုအကြောင်း ရိုက်ကူးထားတဲ့ ဗီဒီယိုက ဟာလန်းကို စိတ်လှုပ်ရှားအောင် လုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော် တို့ရဲ့အိမ်ကွင်းနဲ့ ပရိသတ်တွေက သူ့ကို ခံစားချက်ကောင်းတွေ ပေးတယ်။ ဒါက သူ လိုချင်တဲ့အရာလည်း ဖြစ်နေတယ်။ ဒီလိုဝန်းကျင်အသိုင်းအဝိုင်းလည်းရရော သူ ခြေစွမ်းပြပေါက်ကွဲ တော့တာပါပဲ" ဟု Bild သို့ ပြောကြားခဲ့သည်။

ဟာလန်းသည် ဒေါ့မွန်အသင်းအတွက် ဘွန်ဒစ်လီဂါနှင့် ဂျာမန်ဖလား ပွဲဦးထွက်(၄)ပွဲတွင် ပွဲတိုင်းဂိုးသွင်းယူထားပြီး (၈)ဂိုးအထိ သွင်းယူပေးထားကြောင်း သိရသည်။










