ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် တန်းဆင်းဇုန်အတွင်း ကျရောက်နေသော ဝက်စ်ဟမ်းအသင်းသည် နည်းပြအဖွဲ့ကို အင်အားတိုးမြှင့်မှု ပြုလုပ်ခဲ့ပြီး အသင်းခေါင်းဆောင်ဟောင်း ကီဗင်နိုလန်ကို နည်းပြအဖွဲ့ဝင်တစ်ဦးအဖြစ် ခန့်အပ်လိုက်ကြောင်း သိရှိရသည်။
ကီဗင်နိုလန်(၃၇ နှစ်)သည် ဝက်စ်ဟမ်းအသင်းတွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ကစားခဲ့ဖူးသူဖြစ်ပြီး လေတန်အော်ရီယန့်အသင်းနှင့် နော့တ်စ်ကောင်တီအသင်းတို့တွင် ကစားသမားနည်းပြအဖြစ် ဆောင်ရွက်ခဲ့သည်။
ယခုအခါ ဝက်စ်ဟမ်းအသင်းက ကီဗင်နိုလန်ကို ဒေးဗစ်မွိုက်စ်၏ လက်အောက်တွင် ပထမအသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ဘရိုက်တန်နှင့် နောဝစ်ချ်နည်းပြဟောင်း ပေါလ်နီဗင်ကိုလည်း နည်းပြအဖွဲ့ဝင်တစ်ဦးအဖြစ် ခန့်အပ်ခဲ့သည်။
ဒေးဗစ်မွိုက်စ်သည် ယခင်က လက်ထောက်နည်းပြတစ်ဦးတည်းသာ ရှိသည့်အတွက် ယခုကဲ့သို့ နည်းပြအဖွဲ့ဝင်များ ထပ်မံခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။
ဒေးဗစ်မွိုက်စ်က ''သူတို့နှစ်ဦးစလုံးက အတွေ့အကြုံကြွယ်ဝသူတွေပါ။ ဒါကြောင့် အသင်းအတွက် ကောင်းမွန်တဲ့ အားဖြည့်မှုတွေ ဖြစ်လာမှာ သေချာပါတယ်။ အသင်းကို ကူညီပေးနိုင်မယ့်သူတွေ ဖြစ်လာဖို့လည်း မျှော်လင့်ပါတယ်'' ဟုပြောကြားခဲ့သည်။










