ရိုင်အိုလာက "ကျွန်တော့်အနေနဲ့ အသိဉာဏ်မဲ့တဲ့စကားမျိုး မပြောချင်ပါဘူး။ ဒါပေမဲ့ လက်ရှိကစားသမားအပြောင်းအရွှေ့စျေးကွက်ကို ကျွန်တော် ဖန်တီးခဲ့တာလို့ ထင်ပါတယ်။ ဘောလုံးက ဖျော်ဖြေမှုတစ်ခုဖြစ်လာပါပြီ။ ကျွန်တော်ဟာ အေးဂျင့်သက်တမ်း (၂၅) နှစ်အတွင်း ဘောလုံးစျေးကွက်ကို ဖန်တီးခဲ့တာပါ။ အခုဆို အပြောင်းအရွှေ့စျေးကွက်က အရမ်းကြီးကျယ်သွားပါပြီ"ဟု ဆိုခဲ့သည်။
နာမည်ကျော်ကစားသမားဖြစ်သည့် ပေါ့ဘာ၊ အီဘရာဟီမိုဗစ်တို့၏ အေးဂျင့်အဖြစ် ဆောင်ရွက်နေသည့် စူပါအေးဂျင့်ဖြစ်သူ ရိုင်အိုလာက လက်ရှိအပြောင်းအရွှေ့စျေးကွက်ကို မိမိဖန်တီးထားခြင်းဖြစ်ကြောင်းနှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)၏အပြောင်းအရွှေ့စနစ်မှာ လူကုန်ကူးသည့်ပုံစံမျိုးဖြစ်နေကြောင်း ပြောကြားခဲ့သည်။

နာမည်ကျော်ပြင်သစ်လူမျိုးအေးဂျင့် ရိုင်အိုလာသည် ဘယ်လ်ဂျီယံအားကစားမဂ္ဂဇင်း Sport/Voetbalmagazine နှင့် တွေ့ဆုံရာတွင် ကစားသမားအပြောင်းအရွှေ့စျေးကွက်မှာ ပြဇာတ်ရုံနှင့်တူကြောင်း ပြောကြားခဲ့သည်။
ရိုင်အိုလာက "ဇန်နဝါရီ(၁)ရက်မှာ ပြဇာတ်ရုံဖွင့်ခဲ့တယ်။ လိုက်ကာကို ဖွင့်လိုက်တာနဲ့ ပွဲက ကပြဖို့ အသင့်ဖြစ်နေတော့တာပါပဲ။ ဒါပေမဲ့ အဲဒီပြဇာတ်ရဲ့ နောက်ကွယ်မှာ အဓိကသရုပ်ဆောင်တွေက ပွဲမတိုင်ခင် နှစ်ဝက်လောက်ကတည်းက အစမ်းလေ့ကျင့်မှုတွေ အများကြီးပြုလုပ်ခဲ့ရပါတယ်။ ဒါက ကျွန်တော်တို့ (အေဂျင့်များ) လှုပ်ရှားမှုတွေအတိုင်းပါပဲ။ ကျွန်တော့်အနေနဲ့ အသိဉာဏ်မဲ့တဲ့စကားမျိုး မပြောချင်ပါဘူး။ ဒါပေမဲ့ လက်ရှိကစားသမားအပြောင်းအရွှေ့စျေးကွက်ကို ကျွန်တော် ဖန်တီးခဲ့တာလို့ ထင်ပါတယ်။ ဘောလုံးက ဖျော်ဖြေမှုတစ်ခုဖြစ်လာပါပြီ။ ကျွန်တော်ဟာ အေးဂျင့်သက်တမ်း (၂၅) နှစ်အတွင်း ဘောလုံးစျေးကွက်ကို ဖန်တီးခဲ့တာပါ။ အခုဆို အပြောင်းအရွှေ့စျေးကွက်က အရမ်းကြီးကျယ်သွားပါပြီ။ ကျွန်တော့်အနေနဲ့ ကျွန်တော့်ကစားသမားတွေဘက်က အမြဲတမ်းရပ်တည်သွားမှာဖြစ်ပြီး သူတို့အတွက် ဘယ်တော့မှ ရေငုံနှုတ်ပိတ်နေမှာ မဟုတ်ပါဘူး"ဟု ဆိုခဲ့သည်။

ထို့ပြင် ရိုင်အိုလာက ဖီဖာ၏ အပြောင်းအရွှေ့ပုံစံဟောင်းမှာ ပြီးဆုံးသွားပြီဖြစ်ပြီး လက်ရှိအချိန်မှာ ခေတ်သစ်ကို စတင်ရမည့် တော်လှန်ရေးကာလဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

"ဖီဖာရဲ့ ကစားသမားအပြောင်းအရွှေ့စနစ်က ခေတ်မမီတော့ဘူး။ ဒီအချိန်က ခေတ်သစ်တစ်ခုကို စရမယ့် အချိန်ဖြစ်တယ်။ တကယ်လို့ ကျွန်တော်သာ လုပ်ပိုင်ခွင့်ရှိမယ်ဆိုရင် လက်ရှိကျင့်သုံးနေတဲ့ အပြောင်းအရွှေ့စနစ်ကို ချက်ချင်းသုတ်သင်လိုက်မှာပါ။ ဒါဆိုရင် ကလပ်အသင်းတွေအနေနဲ့ ကစားသမားတွေအတွက် ငွေကြေးပိုရ လာမယ်လို့ထင်တယ်။ အခုအပြောင်းအရွှေ့စနစ်က လူကုန်ကူးတဲ့ပုံစံမျိုးဖြစ်နေပါတယ်"ဟု ရိုင်အိုလာက ပြောကြားခဲ့သည်။










