တောင်ကိုရီးယားနိုင်ငံ၌ ကစားခဲ့သည့် ရာသီကြိုခြေစမ်းပွဲတွင် ဂျူဗင်တပ်စ်နာမည်ကြီးတိုက်စစ်မှူး စီရော်နယ်လ်ဒို ပါဝင်မကစားမှုကြောင့် ဒေသတွင်းပွဲစီစဉ်သူအနေဖြင့် တရားစွဲဆိုခဲ့သည့်ပရိသတ်နှစ်ဦးအား လျော် ကြေးပေးရန် တောင်ကိုရီးယားတရားရုံးက ဖေဖော်ဝါရီ ၄ ရက်တွင် အမိန့်ချမှတ်ခဲ့ကြောင်း AFP သတင်းဌာနက ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်း ဆိုးလ်ကမ္ဘာ့ဖလားကွင်း၌ ဂျူဗင်တပ်စ်အသင်းနှင့် K-League All-Stars အသင်းတို့ ရာသီကြို ခြေစမ်းပွဲအဖြစ် ကစားခဲ့ပြီး ယင်းပွဲတွင် တစ်ဖက်သုံးဂိုးစီ သရေကျခဲ့သည်။ အဆိုပါပွဲသို့ ပရိသတ် ၆၅၀၀၀ က ပွဲချိန်အတွင်း စီရော်နယ်လ်ဒို ဝင်ရောက်ကစားရန် တောင်းဆိုခဲ့သော်လည်း ကစားသမားဖြစ်သူမှာ ကြံ့ခိုင်မှုပိုင်းပြဿနာအကြောင်းပြချက်ဖြင့် အရန်ခုံတန်းတွင် ထိုင်နေခဲ့သည်။ ပွဲစီစဉ်သည့် The Fasta ကုမ္ပဏီသည် ယင်းပွဲကို စီရော်နယ်လ်ဒို၏ပုံရိပ်အား အဓိကအသုံးချကာ ကြော်ငြာခဲ့ခြင်းဖြစ်သည်။

ယင်းပွဲကွင်းဝင်ကြေးမှာ အနိမ့်ဆုံး ဝမ် ၃၀၀၀၀ တစ်ဒေါ်လာလျှင် ဝမ် ၁၂၀၀ နီးပါး)မှ ဝမ် ၄၀၀၀၀၀ နီးပါးရှိခဲ့ပြီး ပရိသတ်များမှ စီရော်နယ်လ်ဒိုကို မြင်တွေ့လိုမှုကြောင့် လက်မှတ်မှာ သုံးမိနစ်ခန့်သာ ရောင်းချခဲ့ရကြောင်း သိရသည်။ ထို့ကြောင့် ပရိသတ်နှစ်ဦးက အချက်အလက်အမှားနှင့် ကြော်ငြာမှုဖြင့် The Fasta ကုမ္ပဏီကို တရားစွဲခဲ့ပြီး ဆိုးလ်မြို့အနောက်ပိုင်းရှိ အင်ချွန်းဒေသတရားရုံးက ကုမ္ပဏီအနေဖြင့် ပရိသတ် နှစ်ဦးအနက် တစ်ဦးကို ဝမ် ၃၇၁၀၀၀ စီပေးရန် အမိန့်ချမှတ်ခဲ့ကြောင်း တောင်ကိုရီးယား သတင်းအေဂျင်စီ Yonhap က ရေးသားခဲ့သည်။

The Fasta မှကြော်ငြာရာတွင် အနည်းဆုံး ၄၅ မိနစ်ပါဝင်ကစားမည်ဟု ကတိပြုထားခဲ့ခြင်းဖြစ်သည်။ တရားရုံးမှအမိန့်ချမှတ်ရာတွင် လက်မှတ်တန်ဖိုး ဝမ် ၇၀၀၀၀၊ ကော်မ ရှင်ခ ဝမ် ၁၀၀၀ နှင့် တရားလို၏ စိတ်ပိုင်း ဆိုင်ရာထိခိုက်စေမှုကြောင့် ဝမ် ၃၀၀၀၀၀ စသဖြင့် စုစုပေါင်း ဝမ် ၃၇၁၀၀၀ ပေးရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု တရားလို၏ ရှေ့နေဖြစ်သူက Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။ ထို့ပြင် ရှေ့နေဖြစ်သူက သူသည် ယင်းပွဲနှင့်ပတ်သက်သည့် အခြားတရားစွဲဆိုမှု ၈၇ ခုကိုလည်း လိုက်ပါဆောင်ရွက်နေလျက်ရှိကြောင်း ဖွင့်ဟခဲ့သည်။

အဆိုပါသတင်းနှင့်ပတ်သက်ပြီး The Fasta ကုမ္ပဏီဝက်ဘ်ဆိုက်တွင် ဖော်ပြထားခြင်းမရှိဘဲ ကုမ္ပဏီဥက္ကဋ္ဌဖြစ်သူထံ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ကြောင်း သိရသည်။ စီရော် နယ်လ်ဒိုနှင့် သူ၏ကလပ် ဂျူဗင်တပ်စ်အသင်းအပေါ် သီးခြား အမိန့်ချမှတ်မှုမရှိခဲ့ကြောင်း Yonhap က ဖော်ပြခဲ့သည်။ အဆိုပါခြေစမ်းပွဲအပြီးတွင် အွန်လိုင်း၌ ကိုရီးယားပရိသတ်များ၏ဝေဖန် ပြစ်တင်မှုများစွာ ရှိခဲ့သည်။










