မြန်မာလက်ခမောင်းကုမ္ပဏီသည် WLC မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ထိုးသတ်ရန် မွေထိုင်းလက်ဝှေ့သမား စိုးမင်းအောင်ကို နှစ်နှစ်စာချုပ် ချုပ်ဆိုထား ကြောင်း သိရသည်။

မြန်မာလက်ခမောင်းကုမ္ပဏီသည် မြန်မာ့ရိုးရာလက်ဝှေ့ပွဲများအတွက်သာ စာချုပ်ချုပ်ဆိုခြင်းဖြစ်ပြီး မွေထိုင်းအပါအဝင် အခြားကိုယ်ခံပညာပြိုင်ပွဲများတွင် စိတ်ကြိုက်ထိုးသတ်ခွင့်ရရှိမည်ဖြစ်သည်။ စိုးမင်းအောင်သည် ပရိသတ်လက်ခံသည့် ကစားသမား ဖြစ်သောကြောင့် နှစ်နှစ်စာချုပ်ထားခြင်းဖြစ်ပြီး ယခုနှစ်အတွင်းကျင်းပမည့် ပြိုင်ပွဲများတွင် ထည့်သွင်းထိုးသတ်စေမည်ဖြစ်သည်။

"ကျွန်တော်တို့အနေနဲ့ စိုးမင်းအောင်ကို နှစ်နှစ်စာချုပ်ထားပါတယ်။ မြန်မာ့ရိုးရာလက်ဝှေ့ ပွဲတွေအတွက်ပဲ စာချုပ်ထားတာဖြစ်ပါတယ်။ သူ့ကို ကျွန်တော်တို့က လစဉ်ထောက်ပံ့ကြေးပေးဖို့ စီစဉ်ထားသလို WLC ပွဲမှာ ထိုးသတ်ပြီး ထိခိုက်ဒဏ်ရာရမယ်ဆိုရင် ဒေါ်လာ ၁၀၀၀၀ အထိ အကုန်အကျခံပြီး ကုသပေးဖို့လည်း စာချုပ်မှာ ထည့်သွင်းချုပ်ဆိုထားပါတယ်။ တခြားပွဲတွေထိုးသတ်ပြီး ထိခိုက်ဒဏ်ရာရမယ်ဆိုရင်တော့ ကျွန်တော်တို့က ဆေးကုသပေးမှာ မဟုတ်ပါဘူး" ဟု မြန်မာလက်ခမောင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

စိုးမင်းအောင်သည် ဇန်နဝါရီ ၃၁ ရက်က ရန်ကုန်မြို့၌ ကျင်းပသည့် WLC: 11 မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံသား ဆော့ရစ်ကို ဒုတိယအချီတွင် အလဲထိုးအနိုင်ရရှိခဲ့သည်။ ဧပြီ ၃ ရက်တွင် ကမ္ဘောဒီးယား၌ ကျင်းပမည့် WLC: 12 ပြိုင်ပွဲတွင်မူ စိုးမင်းအောင်၏ တွဲဆိုင်းပါဝင်ရန် မသေချာသေးကြောင်း သိရသည်။










