၂၀၂၀ အရှေ့တောင်အာရှချန်ပီယံရှစ် မြားပစ်ပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

၂၀၂၀ အရှေ့တောင်အာရှချန်ပီယံရှစ် မြားပစ်ပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်
Photo : EMG
Photo : EMG
Published 5 February 2020

အရှေ့တောင်အာရှ မြားပစ်အဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် ၂၀၂၀ အရှေ့တောင်အာရှချန်ပီယံရှစ်မြားပစ်ပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ် ကြောင်း သိရသည်။ ယင်းပြိုင်ပွဲကို မေ ၉ ရက် မှ ၁၅ ရက်အထိ ရန်ကုန်မြို့ရှိ ကျိုက္ကဆံမြားပစ်ကွင်း၌ ကျင်းပမည်ဖြစ်သည်။

မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်သည် အရှေ့တောင်အာရှ မြားပစ်ပြိုင်ပွဲကို အကြိမ်အများစု အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိပြီး ယခုနှစ်တွင်ကျင်းပမည့် ရှစ်ကြိမ်မြောက် ပြိုင်ပွဲကိုလည်း အိမ်ရှင်အဖြစ် ထပ်မံကျင်းပ ခြင်းဖြစ်သည်။ အရှေ့တောင်အာရှ ချန်ပီယံ ရှစ်မြားပစ်ပြိုင်ပွဲကို ၂၀၀၄ ခုနှစ်တွင် စတင် ကျင်းပခဲ့ပြီး နှစ်စဉ်ကျင်းပနိုင်ခြင်းမရှိသော်လည်း ဆီးဂိမ်းစ်ပြိုင်ပွဲ၊ အာရှပတ်လည်ပြိုင်ပွဲ ကျင်းပသည့်ကာလများနှင့် ညှိနှိုင်းကာ ကျင်းပသောကြောင့် ဆယ်စုနှစ်တစ်ခုကျော် အတွင်း ရှစ်ကြိမ်သာ ကျင်းပနိုင်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲ ကျင်းပပြီးစီးခဲ့သည့် ခုနစ်ကြိမ်တွင် ငါးကြိမ်အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ယခု နှစ်တွင် ခြောက်ကြိမ်မြောက် လက်ခံကျင်းပခြင်းဖြစ်သည်။ မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်သည် ၂၀၂၁ ဗီယက်နမ် ဆီးဂိမ်းစ်ပြိုင်ပွဲ အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ကျင်းပခြင်းဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများအပြင် အခြားအာရှနိုင်ငံများကိုလည်း ဖိတ်ကြားခံအသင်းများအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်သည်။ 

ယင်းပြိုင်ပွဲတွင် Compound နှင့် Recurve ပြိုင်ပွဲအမျိုးအစား နှစ်ခုစလုံး ပါဝင်မည်ဖြစ်ပြီး နိုင်ငံတကာပြိုင်ပွဲများတွင် ပုံမှန်ပါဝင်နေသည့်တစ်ဦးချင်း အမျိုးသားပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲ၊ အသင်းလိုက်အမျိုးသားပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲ၊ အမျိုးသား+အမျိုးသမီးပြိုင်ပွဲများ ထည့်သွင်းကျင်းပမည်ဖြစ်သည်။ မြန်မာမြားပစ်အဖွဲ့သည် အိမ်ရှင်နိုင်ငံဖြစ်သောကြောင့် ပြိုင်ပွဲအမျိုးအစား ၁၀ မျိုးစလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကစားသမားအင်အား အများအပြားဖြင့် ယှဉ်ပြိုင်ရန် စီစဉ်နေကြောင်း သိရသည်။ နောက်ဆုံးကျင်းပခဲ့သည့် ၂၀၁၈ ပြိုင်ပွဲကိုလည်း မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ရန်ကုန်မြို့ရှိ ကျိုက္ကဆံ မြားပစ်ကွင်း၌ ပြုလုပ်ခဲ့သည်။

မြန်မာမြားပစ်အဖွဲ့သည် ယခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲများနှင့် ၂၀၂၁ ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ပဏာမကစားသမား ၂၅ ဦးဖြင့် လေ့ကျင့် ပြင်ဆင်လျက်ရှိသည်။ မြန်မာမြားပစ်အဖွဲ့ တွင် အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၁၃ ဦး ပါဝင်ပြီး တောင်ကိုရီးယားနည်းပြနှင့် မြန်မာနည်းပြဆရာများက တာဝန်ယူလေ့ကျင့်ပေးလျက်ရှိသည်။ မြန်မာမြားပစ်အဖွဲ့သည် ပြီးခဲ့သည့် ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ငွေသုံးခု၊  ကြေးနှစ်ခု ဆွတ်ခူးရရှိခဲ့သည်။

Most Read

Most Recent