ဒုံးကျည်များ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး အီရန်က ခရီးသည်တင်လေယာဉ်တစ်စင်းကို မတော်တဆ ပစ်ချမိခဲ့သည့် အတောအတွင်း အမေရိကန်နှင့် အီရန်တို့အကြား တင်းမာမှုများ ၁၀ ရက်ကြာ မြင့်တက်ခဲ့ပြီးနောက် အီရန်က တင်းမာမှုလျှော့ချရေးကို လိုလားကြောင်း အချက်ပြလိုက်ပြီဖြစ်သည်။
လွန်ခဲ့သည့်ညက လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားသူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်ညတာ မအိပ်ဘဲနေသည့် လှုပ်ရှားမှုသည် ဒေါသတကြီး ဆန္ဒပြပွဲအသွင် ပြောင်းသွားကာ ယင်းဆန္ဒပြပွဲတွင် ရဲတပ်ဖွဲ့က ဗြိတိန်သံအမတ်ကြီးကို ယာယီဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ဇန်နဝါရီ ၁၂ ရက်တွင် အီရန်နိုင်ငံ၏ မြို့တော် တီဟီရန်၌ လုံခြုံရေးကို တိုးမြှင့်ချထားခဲ့သည်။
လေယာဉ်ပျက်ကျမှုကြောင့် အီရန်၌ ဆန္ဒပြသူများကို ထိခိုက်မှုမရှိစေရန်နှင့် လောင်စာဆီစျေးနှုန်း မြင့်တက်မှုကြောင့် ဖြစ်ပေါ်သော နိုဝင်ဘာ ဆန္ဒပြပွဲများ၌ကဲ့သို့ လူသေဆုံးမှုများဖြစ်ပေါ်အောင် နှိမ်နင်းမှုမျိုး ထပ်မံမဖြစ်ပေါ်စေရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သတိပေးခဲ့သည်။
“အီရန်ခေါင်းဆောင်များသို့ - သင်တို့၏ ဆန္ဒပြသူများကို မသတ်ပါနှင့်” ဟု ထရန့်က အခါအားလျော်စွာ ရေးနေကျ စာလုံးအကြီးများဖြင့် ဇန်နဝါရီ ၁၂ ရက်တွင် Twitter ၌ ရေးသားခဲ့သည်။
အီရန်က အမေရိကန်အနေဖြင့် ပိတ်ဆို့မှုများကို ဦးစွာ မရုပ်သိမ်းမချင်း ဆွေးနွေးရန် အကြောင်းမရှိဟု ခေါင်းမာမာဖြင့် ငြင်းဆန်ထားသော်လည်း ရှေ့ဆက်ရမည့် နည်းလမ်းသစ်ကို စားပွဲဝိုင်းထိုင်လျက် ဆွေးနွေးရန် ထရန့်က လိုလားနေဆဲဖြစ်သည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး မက်အက်စ်ပါက ပြောကြားခဲ့သည်။
ဘဂ္ဂဒက်မြို့၌ ဒရုန်းဖြင့် တိုက်ခိုက်မှုတစ်ရပ်တွင် Quds Force အကြီးအကဲ အီရန်ဗိုလ်ချုပ်ကြီး ကာဆင်ဆိုလေမာနီကို သေဆုံးစေခဲ့သည့် အမေရိကန်၏ ဇန်နဝါရီ ၃ ရက် တိုက်ခိုက်မှုပြီးနောက် တင်းမာမှု လျော့ပါးရေးကိုသာ လိုလားကြောင်း အီရန်အစိုးရက ပြောကြားခဲ့သည်။
အီရန်သမ္မတဟက်ဆန်ရိုဟာနီနှင့် အီရန်သို့ ရောက်ရှိနေသည့် ကာတာစော်ဘွားတို့အကြား တွေ့ဆုံဆွေးနွေးမှုတစ်ရပ်တွင် နှစ်ဖက်စလုံးက ဒေသတွင်းပဋိပက္ခကို ဖြေရှင်းရန် တင်းမာမှု လျှော့ချရေးကို တစ်ခုတည်းသော နည်းလမ်းအဖြစ် သဘောတူခဲ့ကြသည်ဟု ကာတာစော်ဘွားက ပြောကြားခဲ့သည်။
ကာတာသည် ဒေသတွင်း၌ အကြီးဆုံးဖြစ်သော အမေရိကန်စစ်အခြေစိုက်စခန်းကို လက်ခံထားသကဲ့သို့ ကမ္ဘာ့အကြီးဆုံး သဘာဝဓာတ်ငွေ့သိုက်ကို ၎င်းတို့ချင်း မျှဝေလုပ်ကိုင်နေသည့် အီရန်နှင့်လည်း ခိုင်မာသည့် ဆက်ဆံရေးရှိထားသည်။
“ဒီပဋိပက္ခတွေကို ဖြေရှင်းဖို့ တစ်ခုတည်းသော နည်းလမ်းက လူတိုင်းဆီက တင်းမာမှုတွေကို လျှော့ချပြီး အပြန်အလှန် ဆွေးနွေးဖို့ပဲ ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ သဘောတူခဲ့ကြပါတယ်” ဟု ကာတာစော်ဘွား ရှိတ်တာမင်ဘင်ဟာမက်အယ်သန်နီက ပထမဆုံးဟု ယူဆရသည့် သူ၏ အီရန်နိုင်ငံသို့ တရားဝင် ခရီးစဉ်တွင် ပြောကြားခဲ့သည်။
“ဒေသတွင်းတစ်ခုလုံးရဲ့ လုံခြုံရေးအတွက် ပိုပြီး တိုင်ပင်ညှိနှိုင်းမှုတွေ၊ ပိုပြီးပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ရမယ်လို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်ပါတယ်” ဟု အီရန်သမ္မတ ရိုဟာနီက သူ၏အပိုင်းကို ပြောပြခဲ့သည်။
အီရန်သမ္မတသည် ၎င်းတို့နိုင်ငံသို့ ရောက်ရှိနေသည့် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ရှားမာမွတ်ကူရေရှီနှင့်လည်း တွေ့ဆုံခဲ့သည်။ ပါကစ္စတန်သည် အီရန်နှင့် အမေရိကန်မဟာမိတ် ဆော်ဒီအာရေဗျတို့အကြား စေ့စပ်ညှိနှိုင်းပေးရန် ကမ်းလှမ်းထားသည့် နိုင်ငံဖြစ်သည်။














