သြစတြေးလျတွင် ဧရာမတောမီးအား ထိန်းချုပ်နိုင်ပြီဟု မီးသတ်သမားများ ပြောကြား

သြစတြေးလျတွင် ဧရာမတောမီးအား ထိန်းချုပ်နိုင်ပြီဟု မီးသတ်သမားများ ပြောကြား
  မီးဘေးသင့်သူများအား ထောက်ပံ့ရန်နှင့် မီးငြိှမ်းသတ်မှုတွင် ပါဝင်ကူညီခဲ့သူများအား ကျေးဇူးတင်မှုပြသရန် ပုံရိပ်များကို ဆစ်ဒနီရှိ Opera House တွင် ဇန်နဝါရီ ၁၁ ၌ ပြသနေစဉ်
မီးဘေးသင့်သူများအား ထောက်ပံ့ရန်နှင့် မီးငြိှမ်းသတ်မှုတွင် ပါဝင်ကူညီခဲ့သူများအား ကျေးဇူးတင်မှုပြသရန် ပုံရိပ်များကို ဆစ်ဒနီရှိ Opera House တွင် ဇန်နဝါရီ ၁၁ ၌ ပြသနေစဉ်
Published 13 January 2020
Ref: AFP

မိုးရွာသွန်းနိုင်မှုကြောင့် တောမီးလောင်နေသော ကျေးလက်ဒေသအတွက် အလွန်အမင်းလိုအပ်နေသည့် ယာယီသက်သာရာမှုရနိုင်စဉ် သြစတြေးလျ၏ အကြီးဆုံးတောမီးအား နောက်ဆုံးတွင် ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ပင်ပန်းနွမ်းလျနေသည့် မီးသတ်သမားများက ဇန်နဝါရီ ၁၃ ရက်တွင် ပြောကြားခဲ့သည်။ ဆစ်ဒနီမြို့၏ အနောက်မြောက်ဘက် မြို့ပြင်တွင် သုံးလနီးပါး လောင်ကျွမ်းနေခဲ့သည့် ကြီးမားသော Gospers Mountain မှ မီးများအား နောက်ဆုံးတွင် ထိန်းချုပ်နိုင်ခဲ့ကြောင်း နယူးဆောက်ဝေး မီးသတ်သမားများက ပြောကြားခဲ့သည်။

ဧရိယာအနည်းငယ်တွင် မီးဆက်လက်လောင်နေသော်လည်း ထိန်းချုပ်နိုင်ရန် အလားအလာရှိကြောင်း ထိုဒေသသို့ ဇန်နဝါရီ ၁၃ ရက်တွင် သွားရောက်ခဲ့သည့် နယူးဆောက်ဝေး ကျေးလက်မီးသတ်ဌာနမှ မဟာမင်းကြီး Shane Fitzsrnimmons က ပြောကြားခဲ့သည်။ ထိုတောမီးသည် Greater London အရွယ်အစား၏ သုံးဆရှိသော ကြိုးဝိုင်း(သစ်တော)ကို လောင်ကျွမ်းနေပြီး ယင်းနှင့်ဆက်စပ်လျက် လောင်ကျွမ်းမှုသည် စုစုပေါင်းအကျယ်အဝန်း ဟက်တာရှစ်သိန်းအထိ ရှိခဲ့သည်။

အာဏာပိုင်များနှင့် ဒေသခံများက ဧရာမတောမီး၏ဒဏ်အား ကြံ့ကြံ့ခံနေရစဉ်  လာမည့်သီတင်းပတ်တွင် မီးလောင်ဧရိယာအချို့၌ မိုးရေချိန် ၅၀ မီလီမီတာ (နှစ်လက်မ)အထိ ရွာသွန်းနိုင်ကြောင်း မိုးလေဝသဗျူရိုက ခန့်မှန်းခဲ့ရာ ရှည်ကြာသော မိုးခေါင်မှုအပြီး သက်သာရာရစေမည်ဖြစ်သည်။ အခြားမီးလောင်မှုဒါဇင်များစွာကိုမူ မထိန်းချုပ်နိုင်သေးပေ။

ရာသီဥတုပြောင်းလဲမှုကြောင့် ထိုတောမီးလောင်မှုအား ပိုမိုအားကောင်းစေခဲ့စဉ် မီးဘေးသင့်သူများနှင့် သတ္တဝါများအတွက် ကမ္ဘာတစ်ဝန်းမှ လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြသည်။ တောမီးကြောင့် ခန့်မှန်းခြေတိရစ္ဆာန် ကောင်ရေတစ်ဘီလျံ သေဆုံးခဲ့ပြီး မရေမတွက်နိုင်သော အပင်များနှင့် ချုံပုတ်များလည်း လောင်ကျွမ်းခဲ့သည်။

ဧရိယာအချို့တွင် ကိုအာလာဝက်ဝံများအား မျိုးသုဉ်းရန်အန္တရာယ်ရှိစာရင်းထဲသို့ ပြန်လည်ထည့်သွင်းဖွယ်ရှိကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး ဆူဆန်လေးက ပြောကြားခဲ့သည်။ တောရိုင်းတိရစ္ဆာန်များ ပြန်လည်ထူထောင်ရေးအတွက် ကူညီရန်အစိုးရက ကနဦးဒေါ်လာ သန်း ၅၀ လျာထားခဲ့သည်။

ယခုသီတင်းပတ်ကုန်တွင် ဆစ်ဒနီ၌ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီအဖွဲ့နှင့် တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့များအတွက် ရန်ပုံငွေပွဲကျင်းပမည်ဖြစ်သည်။

ဧရာမတောမီးလောင်မှုအား ကိုင်တွယ်ဖြေရှင်းမှုပုံစံကို မကျေနပ်သဖြင့် ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်အား လူထုထောက်ခံမှုသည်လည်း အလွန်အမင်းကျဆင်းခဲ့သည်။ ဇန်နဝါရီ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သော Newspoll စစ်တမ်း၌ ကွန်ဆာဗေးတစ်ခေါင်းဆောင်၏ ခြုံငုံစွမ်းဆောင်ရည်ကို အားမရကြောင်း ဖြေဆိုသူ ၅၉ ရာခိုင်နှုန်းရှိခဲ့ပြီး ၃၇ ရာခိုင်နှုန်းသာ ကျေနပ်ကြောင်း ဖြေဆိုခဲ့သည်။ တောမီးပြင်းထန်နေစဉ် ဟာဝိုင်ယီသို့ အားလပ်ရက်ခရီးထွက်မှု၊ ၎င်းအစိုးရ၏ ဆောင်ရွက်မှုများကို လမ်းလွဲစေသော ထုတ်ပြန်မှုများနှင့် အပြောအဆိုမှားယွင်းမှုများအပါအဝင် လနှင့်ချီကြာမြင့်သည့် တောမီးပြဿနာအား တုံ့ပြန်ဖြေရှင်းမှုနှင့်ပတ်သက်၍ မော်ရစ်ဆင်သည် ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရသည်။

 

 

 

Most Read

Most Recent