နေပြည်တော် ဗစ်တိုးရီးယားကလေးငယ်အမှုတွင် နစ်နာခဲ့သည့် ကလေးငယ်၏မိဘနှင့် ကလေးငယ်အတွက် တရားမျှတမှုရရှိစေရန် အမှုဖွင့်မည်

နေပြည်တော် ဗစ်တိုးရီးယားကလေးငယ်အမှုတွင် နစ်နာခဲ့သည့် ကလေးငယ်၏မိဘနှင့် ကလေးငယ်အတွက် တရားမျှတမှုရရှိစေရန် အမှုဖွင့်မည်
Published 2 January 2020

နေပြည်တော် ဗစ်တိုးရီးယား ကလေးငယ်အမှုတွင် နစ်နာခဲ့သည့် ကလေးငယ်၏မိဘနှင့် ကလေးငယ်အတွက် တရားမျှတမှုရရှိစေရန် အမှုဖွင့်မည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောကြားသည်။

သတင်းစာရှင်းလင်းပွဲတွင် ကလေးငယ်၏ အမည်၊ မိဘ၏အမည်တို့အား ထုတ်ဖော်ပြောကြားမှုကြောင့် နစ်နာခဲ့သူများအတွက် မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေအသင်းရှိ Human Right ကော်မတီမှ ကိုယ်စားတရားစွဲဆိုမည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောကြားသည်။

“ ကလေးငယ်ရဲ့မိဘတွေဘက်က ကိုယ်စားလှယ်လွှဲစာလည်း ရပါပြီ။ ဗစ်တိုးရီးယားရဲ့ အခွင့်အရေးနဲ့ ဗစ်တိုးရီးယားရဲ့ နစ်နာမှုတွေအတွက်ပေါ့ဗျာ။ အဲဒါတွေကတော့ ILAM ရဲ့ Human Right ကော်မတီအနေနဲ့ပေါ့ လုပ်ဆောင်သွားမယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောကြားသည်။

တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်မှာ နေပြည်တော် ဗစ်တိုးရီးယားအမှုတွင် စွပ်စွဲခံရသူ အောင်ကြီးဘက်မှ လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေတစ်ဦးဖြစ်သည်။

အမှုဖွင့်လှစ်နိုင်ရန် လက်ရှိတွင် တိုင်ပင်ဆွေးနွေးမှုများ လုပ်ဆောင်နေပြီး လတ်တလောအနေအထားအရ အမှုနှစ်ခုဖြင့် တရားစွဲဆိုနိုင်ရန် စီစဉ်နေကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ဆက်လက် ပြောကြားသည်။

“ လုပ်ငန်းစဉ်က အခုစနေပြီ။ ပါ၀ါယူပြီးတဲ့နောက်မှာ ကျွန်တော်တို့အတွင်းမှာလည်း ဆွေးနွေးမှုတွေ စနေပြီး။ ယေဘုယျအားဖြင့်ကတော့ တရားမမှုရယ်။ ရာဇဝတ်မှုရယ်ပေါ့။ ရာဇဝတ်မှုက ၁၀၁ ပေါ့။ တရားမမှုကတော့ ကလေးရဲ့ နစ်နာမှုအရပ်ရပ်ပေါ့ဗျာ။ အဲဒါနဲ့ စွဲမယ်။ လျော်ကြေးတွေ၊ နစ်နာကြေးတွေပေါ့” ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောကြားသည်။

အမှုများအတွက် လိုအပ်သည့်အချက်အလက်များ ပြည့်စုံပြီဆိုပါက အမှုအားစတင်ဖွင့်လှစ်နိုင်ရန် စီစဉ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ တရားမမှုကျတော့ စီရင်ပိုင်ခွင့်ဆိုတာက ရှိသေးတယ်။ သူ့တန်ဖိုးအလိုက်။ ခရိုင်အဆင့်လား။ တိုင်းအဆင့်လား၊ မြို့နယ်လား ဆိုတာပေါ့။ သူ့ရဲ့နစ်နာကြေး၊ လျော်ကြေးကို တွက်ချက်ပြီးတော့မှ ဘယ်လိုတောင်းမလဲ။ တိုင်းမှာပြီးမလား၊ ခရိုင်မှာစွဲမလား။ အဲဒါမျိုးတွေပေါ့ဗျာ” ဟု တရားလွှတ်တော်ရှေ့နေ    ဦးခင်မောင်ဇော်က ပြောကြားသည်။

နေပြည်တော်တွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရသည့် ဗစ်တိုးရီးယား၏အမှုတွင် ကလေးငယ်ဖြစ်သူသည် မည်သူမည်ဝါဖြစ်သည်ကို သတင်းမီဒီယာများက နာမ်စားဖြင့်သာ အသုံးပြုခဲ့သော်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လူမှုကွန်ရက် အကောင့်ဖြစ်သော ရဲဇာနည် Page တွင် ရဲတပ်ဖွဲ့က ဗစ်တိုးရီးယား အမှုနှင့်ပတ်သက်သည့် ကလေးနှင့် ၎င်း၏မိဘများအမည်၊ နေရပ်နှင့် အလုပ်အကိုင်အသေးစိတ်ကို မှတ်တမ်းတင်ထားသည့် ဖိုင်များတင်ခဲ့မှုအပေါ် လူမှုကွန်ရက်အသုံးပြုသူများက အပြင်းအထန် ဝေဖန်ခဲ့ကြသည်။

လိင်အကြမ်းဖက်ခံခဲ့ရသည့် မိန်းကလေးငယ်၊ ဗစ်တိုးရီးယား၏အမည်ကို ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ဒီဇင်ဘာ ၁၉ ရက် နေ့လယ်ပိုင်းက နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်ရုံးတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့ပြီး ညဦးပိုင်းခန့်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာဖြစ်သော ရဲဇာနည် Facebook Page တွင် ဗစ်တိုးရီးယား အမှုနှင့်ပတ်သက်သည့် စစ်ဆေးချက်များကို တင်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့မြန်မာနိုင်ငံရဲတပ်ဖွဲ့ လူမှုကွန်ရက် စာမျက်နှာ၌တင်ခဲ့မှုကို လူမှုကွန်ရက် အသုံးပြုသူများက ပြင်းထန်သည့် မှတ်ချက်များဖြင့် ဝေဖန်ခဲ့ကြပြီး ရဲဇာနည် လူမှုကွန်ရက်တွင်တင်ထားသည့် Post မှာလည်း နာရီပိုင်းအတွင်း ပြန်လည်ဖြုတ်ချခဲ့သည်ကို တွေ့ရှိခဲ့ရသည်။

နေပြည်တော် Wisdom Hill တွင် တက်ရောက်နေသော ကလေးသူငယ်အပေါ် မဖွယ်မရာပြုမှု ခံရခြင်းဖြစ်စဉ်နှင့် တရားရုံး ထွက်ချက်များအပေါ် တာဝန်ရှိသူများ၏ ထုတ်ဖော်ပြောဆိုမှုများသည် ကလေးသူငယ် အခွင့်အရေး ထိပါးခြင်းဖြစ်ကြောင်း ဒီဇင်ဘာ ၂၇ ရက်တွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က အသိပေးချက်ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏အသိပေးချက်၌ နေပြည်တော် Wisdom Hill ဖြစ်စဉ်တွင် ကလေးသူငယ် အခွင့်အရေး ချိုးဖောက်ထိခိုက်မှုများ ရှိနေသည်ဟု သုံးသပ်ရရှိကြောင်း ဖော်ပြထားသည်။

နေပြည်တော်ရှိ Wisdom Hill မူကြိုကျောင်းတွင် တက်ရောက်နေသော ကလေးငယ်အပေါ် မဖွယ်မရာပြုမှုခြင်းဖြစ်စဉ်နှင့် တရားရုံးတွင် ထွက်ဆိုချက်များအပေါ် တာဝန်ရှိသူများ၏ ထုတ်ဖော်ပြောဆိုမှုများ၊ မီဒီယာများတွင် ထည့်သွင်းဖော်ပြမှုများသည်  ဤကလေးသူငယ်၏ ဂုဏ်သိက္ခာနှင့် ပုဂ္ဂိုလ်ရေးအချက်အလက်များ၊ လွတ်လပ်ခွင့်များကို ထိပါးခံရလျက်ရှိသဖြင့် ကလေးသူငယ်အခွင့်အရေးကို ထိပါးခြင်းဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ တာဝန်ရှိသူများနှင့် သတင်းမီဒီယာများအနေဖြင့် အထက်ပါပြဋ္ဌာန်းချက်များ အပါအဝင် အခြားကလေးသူငယ်အခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကိုလည်း လေးစားလိုက်နာ ကျင့်သုံးရန်လိုအပ်ပါကြောင်း တိုက်တွန်းအပ်ပါသည်ဟူ၍ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ အသိပေးချက်တွင် ဖော်ပြထားသည်။

 

Most Read

Most Recent