မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ဝက်ဖို့ဒ်အသင်းအား (၀-၂)ဂိုးဖြင့် အရေးနိမ့်ခဲ့သည့်ပွဲအပြီးတွင် သူ၏ကစားသမားများမှာ အမှတ်တရဂုဏ်ပြုပွဲကဲ့သို့ ကစားနေသည်ဟု ဝေဖန်ပြစ်တင်ခဲ့သည်။
ထို့ပြင် ဆိုးလ်ရှားက ပွဲအတွင်းကစားပုံနှင့်ပတ်သက်ပြီး '' ဒီလိုကစားပုံမျိုးနဲ့ ကျွန်တော်တို့အသင်း နိုင်ပွဲနဲ့မထိုက်တန်ပါဘူး။ ဘောလုံးကိုင်ထားတဲ့အချိန်မှာ နှေးလွန်းတယ်။ ဘောလုံးမရှိတဲ့အချိန်မှာလည်း နှေးလွန်းပါတယ်။ လုံလောက်တဲ့ စိတ်အားထက်သန်မှုမျိုးလည်း မရှိခဲ့ပါဘူး။ ကျွန်တော်တို့ ဒီကစားပုံနဲ့ ပြန်လာဖို့ မဖြစ်နိုင်ခဲ့ဘူး။ ပထမပိုင်းမှာ နှစ်သင်းစလုံး နှေးလွန်းပါတယ်။ အခွင့်အရေးကို အရမယူနိုင်ခဲ့ရင် နာကျင်ရမှာပဲ။ သူတို့က အခွင့်အရေးကို အပြည့်အဝအသုံးချနိုင်ခဲ့တယ်။ ကျွန်တော်တို့ အသုံးမချနိုင်ခဲ့ဘူး။ အသင်းအနေနဲ့ အခွင့်အရေးတိုင်းကို အရယူအသုံးချရမှာပါ''ဟု ဆိုးလ်ရှားက ပြောကြားခဲ့သည်။
ဒီဟေးယား၏အမှားကြောင့် ပထမဂိုးပေးလိုက်ရသည့်အပေါ် ဆိုးလ်ရှားက '' ဒါက အကြောင်းအရာတွေထဲက တစ်ခုပါ။ သူဟာ လေ့ကျင့်ရေးမှာ အရမ်းကောင်းပြီး အာရုံစိုက်လွန်းပါတယ်။ တစ်ဂိုးက အမှားတစ်ခုပါ။ ဒုတိယဂိုးက ပယ်နယ်တီပါ။ ဒါးဗစ်က ယုံကြည်မှုလွန်သွားတာပါ။ ဒါကို တခြားနည်းလမ်းတစ်ခုနဲ့ သုံးသပ်နေမှာမဟုတ်ပါဘူး''ဟု မှတ်ချက်ပြုခဲ့သည်။
ထို့ပြင် ဆိုးလ်ရှားက ပေါ့ဘာ ပြန်ကစားနိုင်မှုမှာ ကောင်းမွန်သည့်လက္ခဏာဖြစ်ပြီး အသင်းအတွက် အရေးပါသည့်ကစားသမားတစ်ဦးဖြစ်ကြောင်းနှင့် အခွင့်အရေးများစွာ ဖန်တီးပေးနိုင်ခဲ့ကြောင်း သုံးသပ်ခဲ့သည်။
မန်ယူအသင်းသည် ၂၀၀၅ ဧပြီလက နောဝစ်ချ်ကို (၀-၂)ဂိုးဖြင့် အရေးနိမ့်ပြီးနောက် ဇယားအောက်ဆုံးမှအသင်းနှင့် ရင်ဆိုင်ရာတွင် အကြီးမားဆုံးရှုံးပွဲဖြစ်ခဲ့သည်။
ပရီးမီးယားနောက်ဆုံးရှုံးပွဲ(၆)ပွဲတွင်လည်း (၃)ပွဲမှာ တန်းဆင်းဇုန်ထဲမှအသင်းများကို အရေးနိမ့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မန်ယူအသင်းသည် ပြိုင်ဘက်အသင်းထက် ဘောလုံးပိုင်ဆိုင်မှု ပိုမိုအသာရသည့် ပရီးမီးယားလိဂ်နောက်ဆုံး(၁၇)ပွဲတွင် (၁)ပွဲသာနိုင်ပြီး (၈)ပွဲသရေ၊ (၈)ပွဲရှုံးနိမ့်ခဲ့သည်။