ဂွါဒီယိုလာမှာ ကမ္ဘာ့အကောင်းဆုံးနည်းပြဖြစ်သည်ဟု ရီးယဲလ်နည်းပြ ဇီဒန်း ပြောကြား

ဂွါဒီယိုလာမှာ ကမ္ဘာ့အကောင်းဆုံးနည်းပြဖြစ်သည်ဟု ရီးယဲလ်နည်းပြ ဇီဒန်း ပြောကြား
Published 23 December 2019

ရီးယဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက မန်စီးတီးနည်းပြ ဂွါဒီယိုလာမှာ ကမ္ဘာ့အကောင်းဆုံးနည်းပြဖြစ်သည်ဟု ချီးကျူးပြောကြားခဲ့သည်။

ရီးယဲလ်မက်ဒရစ်နှင့် မန်စီးတီးအသင်းတို့သည် ယခုရာသီ ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်တွင် တွေ့ဆုံနေပြီး ဇီဒန်းက မိမိအနေဖြင့် ဂွါဒီယိုလာကို လေးစားမှုအပြည့်ရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဇီဒန်းက ''ဂွါဒီယိုလာနဲ့ ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ရတာ အရမ်းကိုကောင်းမှာပါ။ ကစားသမားဘဝတုန်းကလည်း ဂွါဒီယိုလာနဲ့ ပြိုင်ဘက်အဖြစ် အကြိမ်ပေါင်းများစွာ ကျွန်တော် ယှဉ်ပြိုင်ကစားခဲ့ဖူးပါတယ်။ သူ့ကို ကစားသမားအနေနဲ့ရော၊ နည်းပြတစ်ဦးအနေနဲ့ပါ လေးစားမှု အပြည့်ရှိပါတယ်။ ကျွန်တော့်အတွက်တော့ ဂွါဒီယိုလာက ကမ္ဘာ့အကောင်းဆုံးနည်းပြဖြစ်ပြီး ဒါကို သူ့အနေနဲ့ သက်သေပြပြီးသားပါ။ သူ့ရဲ့ မန်စီးတီးအသင်းကို အကောင်းဆုံးယှဉ်ပြိုင်နိုင်ဖို့ မျှော်လင့်ပါတယ်''ဟု ဆိုခဲ့သည်။

ဂွါဒီယိုလာနှင့် ဇီဒန်းသည် ပြီးခဲ့သည့်နွေရာသီက ရာသီကြို ICC ဖိတ်ခေါ်ပြိုင်ပွဲတွင် တွေ့ဆုံခဲ့ဖူးပြီး မန်စီးတီးအသင်းက (၄-၁)ဂိုးဖြင့် အပြတ်အသတ်အနိုင်ရရှိထားခဲ့သည်။

ဂွါဒီယိုလာနှင့် ဇီဒန်းသည် ကစားသမားဘဝတွင် အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ဖူးသော်လည်း နည်းပြအဖြစ်မူ ယခုလာမည့်ရှုံးထွက်ပွဲစဉ်တွင်မှ ပထမဆုံးပြိုင်ပွဲတွေ့ဆုံမှုအဖြစ် ဆုံတွေ့နေလျက်ရှိသည်။

ချန်ပီယံလိဂ်အောင်မြင်မှုတွင် ဇီဒန်း(၃ ကြိမ်)က ဂွါဒီယိုလာ(၂ ကြိမ်)ကို အသာရနေပြီး ဂွါဒီယိုလာမှာမူ ၂၀၁၁ ပြိုင်ပွဲနောက်ပိုင်းကတည်းက ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခြင်းမရှိတော့ကြောင်း သိရသည်။

Most Read

Most Recent